တတိယ အကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်စေရန် အတွက် နှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ် ဆိုင်ရာများကို အဓိကထား၍ အလွတ်သဘော ညှိနှိုင်း ဆွေးနွေးကြခြင်း ဖြစ်သည်ဟု KNU တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မနော်မေဦးက ဧရာဝတီသို့ ပြောသည်။
“ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာ စစ်ရေး ပဋိပက္ခ ဖြစ်နေတဲ့ နယ်မြေတွေထဲမှာရှိတဲ့ ပြည်သူ လူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် ဥစ္စာတွေကို ကာကွယ်ပေးဖို့ လိုမယ်ဆိုတာ ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးပြီးတော့ ဆုံဖြတ်ချက် ချခဲ့တာရှိတယ်၊ အဲဒီ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေ အပေါ်မှာပဲ ထပ်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု မနော်မေဦးက ဆက်ပြောသည်။
ယခု ကြိုတင် ညှိနှိုင်းဆွေးနွေးပွဲတွင် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ဦးဆောင်၍ အစိုးရဘက်မှ ရထားဝန်ကြီး ဦး အောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီ၊ စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ ပါ၀င်ကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲရေး တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲအတွက် ကရင်ပြည်နယ် ဘာအံမြို့ကို KNU ဘက်က အဆိုပြုထားပြီး ယခုလ ၂၇ ရက် နေ့မှ စတင်၍ ၂ ရက်ခန့် အကြာ ဆွေးနွေးရန် စီစဉ်ထားသည်ဟုလည်း နော်မေဦးက ပြောဆိုသည်။
KNU ထိန်းချုပ် နယ်မြေများ၌ စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များကို ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်ရန်ကိုလည်း အစိုးရကိုယ်စားလှယ်များထံ တင်ပြထားကြောင်း ၎င်းက ပြောသည်။
“မငြိမ်းချမ်းသေးတဲ့ ကာလမှာ အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင်တွေ အလုံးအရင်းနဲ့ ၀င်လာပြီး မြေသိမ်း၊ မြေဝယ်၊ အဓမ္မသိမ်း ဒါ မျိုးတွေ ရှိတာဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အထောက်အကူ မဖြစ်ဘူးဆိုတာတွေကို တင်ပြတယ်”ဟုလည်း နော်မေဦးက က ဆိုသည်။
KNU က တောင်းဆိုထားသည့် အချက်များမှာ ကြောက်ရွ့ံ့ခြင်းကင်းသည့် ပြည်သူများ၏ ဘဝ အာမခံချက် ပေးရေးနှင့် ယုံကြည် ရသော အခြေအနေများ တည်ဆောက်ရေး၊ ဒေသဆိုင်ရာ လူထုနှင့် ညှိနှိုင်းတိုင်ပင်၍ ဖွ့ံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရေး၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများနှင့် နည်းမျိုးစုံဖြင့် အခွန်ကောက်ခံခြင်းများ မပြုလုပ်ရန် စသည့် အချက်များ ပါ၀င်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ပြီး ဒုတိယ အကြိမ်ကို ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ အနေနှင့် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်း က KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်း ရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
KNUသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။
http://burma.irrawaddy.org/archives/16943