ရှမ်းပြည်မြောက်ပိုင်း မုန်ဘော် (Mungbaw) ဒေသ လွယ်ဆာ (Loi Sa) ကျေးရွာမှ ရွာသား ၅ ဦးကို မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့် (၁၂၃) တပ်သည် စက်တင်ဘာ ရ ရက်နေ့တွင် ဖမ်းဆီးနှိပ်စက် ခြိမ်းခြောက်မေးမြန်းကာ ခေါ်ဆောင်သွားနေကြောင်း ဒေသခံများတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
ထိုအစိုးရတပ်သည် ၎င်းကျေးရွာရှိ ရွာသားများတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားကာကွယ်ရေး (MHH) တပ်ဖွဲ့နှင့်ပတ်သက်ဆက်နွယ်နေသူ မိသားစုဝင်များကို ဖမ်းဆီး၍ ထိုသို့ခြိမ်းခြောက်ကာ အမျိုးမျိုးနှိပ်စက်ညှင်းဆဲနေခြင်းဖြစ်ကြောင်း ဒေသခံမျက်မြင်များပြောသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားတပ်ဖွဲ့တွင် ပါဝင်ကူညီနေသော အစ်ကိုဖြစ်သူနှင့် ဖခင်အား ဖမ်ဆီးစစ်ဆေးမေးမြန်း၍ နှိပ်စက်မှုများပြုလုပ်ရာတွင် စိုးရိမ်ရသည့် အခြေအနေထိဖြစ်နေကြောင်း မိသားစုဝင်တစ်ဦးပြောသည်။
“ဒီရွာမှာ KIA အမှုထမ်းဘယ်နှစ်ယောက်ရှိလဲ။ အမှုထမ်းအားလုံးကိုပြ မပြဘူးဆိုရင် ရွာလုံးကျွတ် မီးရှှို့လိုက်မယ်။ ခု KIA တွေ ဘယ်မှာရှိလဲ ဆိုပြီး ခြိမ်းခြောက်နေတယ်” ဟုဆိုသည်။
ထို့အတူ ထိုရွာမှ ရွာသူကြိီးကိုလည်း သတင်းထိန်ချန်ထားသည်ဟုဆိုကာ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
အဆိုပါမြန်မာအစိုးရတပ်ဖွဲ့သည် အင်အား ၆၀ ကျော် မြင်း ၅ ကောင်နှင့် ထိုကျေးရွာသို့ သောကြာနေ့ နံနက်တွင် ဝင်ရောက်လာပြီး ရွာသားများကို ခြိမ်းခြောက်ခေါ်ယူ စစ်ဆေးမေးမြန်း၍ ထိုညချင်းတွင်လည်း အသက် ၂၀ အရွယ် အမျိုးသား ၂ယောက်ကို ကြိုးတုတ်ကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများပြောသည်။
ယခုချိန်တွင် ထိုအစိုးရတပ်သည် ပန်ဆိုင်း (ကြူကုတ်)၊ ခလွမ် ( Hka Lum) ဒေသများတွင် ထိုကျေးရွာမှ ဖမ်းဆီးထားသော ရွာသားများကို ကြိုးတုတ်ပြီး နှိပ်စက်ခေါ်ဆောင်နေကြောင်း သိရသည်။
လွယ်ဆာကျေးရွာတွင် အိမ်ခြေ ၄၀ ကျော်ရှိပြီး ကချင်အမျိုးသားများသာ အများစုနေထိုင်သော ကျေးရွာဖြစ်ကြောင်း သိရသည်။ အစိုးရတပ်များသည် ကချင်အမျိုးသားများကို မတရားအသင်းဆက်နွယ်သူ အဖြစ် မသင်္ကာမှုနှင့် ဖမ်းဆီးထားသူများကို ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးပြုလုပ်နေခြင်းကြောင့် အဆိုပါ KIA နှင့်ပတ်သက်ဆက်နွယ်သူများကိုဆိုလျင် ၄င်းတို့သတ်ဖြတ်နိုင်သည့် အခြေအနေပိုများကြောင်း ဒေသခံများ သုံးသပ်နေသည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ များကြား တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး အစိုးရတပ်များသည် KIA နှင့်ပတ်သက်ဆက်နွယ်သူများအပါအဝင် ကျေးရွာရှိအပြစ်မဲ့ဒေသခံများကိုပါ ဖမ်းဆီးနှိပ်စက်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများပြုလုပ်မှုသည် တိုက်ပွဲစတင်ဖြစ်ပွားစဉ်ကပင် ကချင်ပြည်နယ်တွင်း ယခုချိန်ထိဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။