ဘားအံမြို့သို့ ထွက်ခွာသွားသည့် အဖွဲ့တွင် KNU တပ်မဟာ(၇)မှ ဗိုလ်မှူးချုပ် ဂျော်နီနှင့် တပ်မဟာ(၄) ဒေသ ထားဝယ်ခရိုင် ဥက္ကဌ ပဒို ကွယ်ထူးဝင်း၊ ပဒိုဒေးဗစ်ထော၊ ပဒိုရွှေမောင်း အပါအဝင် ကိုယ်စားလှယ် ၃၁ ဦး လိုက်ပါသွားကြောင်း သိရသည်။
ယင်း ခရီးစဉ်နှင့် ပတ်သက်၍ KNU အနေနှင့် ဆောင်ရွက်ခြင်း မဟုတ်သည့် အပြင် KNLA ဗဟို စစ်ဌာနချုပ်၏ အစီအစဉ် မဟုတ်၍ တွေ့ဆုံ ဆွေးနွေးမည့် အကြောင်းအရာများကိုလည်း KNU ဗဟိုမှ တစုံတရာ မသိရကြောင်း ယမန်နေ့က KNU ဗဟိုဌာနချုပ် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု လက်မှတ်ရေးထိုးသည့် အကြိမ်တိုင်း၌ အစိုးရနှင့် KNUတို့ ၏ နှစ်ဦးနှစ် ဘက် သဘောတူညီမှု ဖြင့်သာ ဆောင်ရွက်ကြကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
KNU အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက“ဘာမှ တိုင်ပင် ဆွေးနွေးခြင်း မပြုဘဲ သူ့နောက်ကို လိုက်ချင်တဲ့လူ လိုက်ကြ သွားလုပ်ကြမယ်၊ ဆက်ဆံရေးရုံး သွားဖွင့်မယ်၊ ငါအကြီးအကဲပဲ ဆိုပြီးတော့ အဲဒီလို ခေါ်သွားတဲ့ ကိစ္စကို ဘယ်လိုလုပ် အာမခံလို့ ရမလဲ၊ ဒီကိစ္စက ဒီလိုဖြစ်နေတယ်၊ တာဝန်မယူနိုင်ဘူး ဆိုတာ အားလုံးကို အသိပေးတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဘားအံမြို့သို့ သွားရောက်ကြသည့် KNU ခေါင်းဆောင်များကို အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်းလည်း ဗိုလ်မှူး စောလှငွေ က ဆက်ပြောသည်။
“ဘယ်လို အရေးယူဆောင်ရွက် မလဲဆိုတာ တိုင်ပင်ဆွေးနွေးနေပြီ၊ KNU ရဲ့ မူမှာ အရေးယူဆောင်ရွက်မှုကတော့ သတိပေးတာရှိ တယ်၊ ပညာပေး ရှေ့ဆောင်တာရှိတယ်၊ ထုတ်လိုက်တာ ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။ သို့သော် မည်သို့ အရေးယူ ဆောင်ရွက် မည်ကို မသိရှိရသေးပေ။
KNLA တပ်ဖွဲ့သည် KNU ၏ ဌာန ၁၄ ခုရှိသည့်အနက် ကရင်အမျိုးသား ကာကွယ်ရေး ဌာန အုပ်ချုပ်မှုနှင့် ဦးဆောင်မှုအောက်တွင် ရှိသော အဖွဲ့တခု ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ပွဲကိုလည်း ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ၀န်ကြီး ဦးအောင်မင်းတို့ တက်ရောက်မည် ဖြစ်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် ပါ၀င်သူ တချို့က ဗဟို ခွင့်ပြုချက် မပါဘဲ ယခုလ ၁၅ ရက်နေ့က ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ် တွင် ဆက်ဆံရေးရုံး ဖွင့်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦး က ပြောသည်။
KNU ဗဟိုနှင့် စစ်ဦးစီးချုပ်တို့ အကြား ယခုလဆန်းပိုင်းမှ စတင်၍ တဘက်နှင့် တဘက် အမိန့်နာခံမှုနှင့် ပတ်သက်၍ အပြန်အလှန် လေးစားမှု မရှိတော့ဘဲ ကြေးနန်းဖြင့်သာ နှစ်ဘက် သဘောထားများကို ပေးပို့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် ပြည်နယ် အဆင့် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။
၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
http://burma.irrawaddy.org/archives/21577