ကေအဲန်ယူ ဟူသည်မှာ အဘယ်နည်း။
အောက်တိုဘာလ (၁၂) ရက်နေ့နံက်တွင် ဘီဘီစီမှ မင်္ဂလာရှိသော သတင်းကြားလိုက်ရပါသည်။ယင်းမှာ ကေအဲန်ယူအတွင်းပြန်လည်ညှိနိုင်းလို့ရပြီဖြစ်ပြီး ခေါင်းဆောင်များ ဗဟိုကော်မတီ အစည်းအဝေးကို အတူတက်ကြမည် ဟူ၍ဖြစ်သည်။ အောက်ခြေ ကေအဲန်ယူ ပါတီဝင်များ၊ တပ််မှူးတပ်သားများနှင့် ကရင်လူထုများသာမက ပြည်တွင်းငြိမ်းချမ်းရေး ကို မြတ်နိုးကြိုးပမ်းလျှက်ရှိသော အဖွဲ့အစည်းများ၏ ခေါင်းဆောင်များပါ များစွာ စိတ်သက်သာရာ ရသွားကြပါမည်။ စာရေးသူလည်း အလားတူပင်ဖြစ်သည်။ သို့ရာတွင် ဗဟိုကော်မတီ အစည်းအဝေးအပြင် လေးနှစ်တကြိမ်ကျင်းပမည့် ညီလာခံကြီးပြီးမှသာ သေချာပါမည်။
ကျင်းပတော့မည့် ဗဟိုကော်မတီအစည်းအဝေးနှင့် ကွန်ဂရက်သည် ကေအဲန်ယူနှင့် ကရင်တမျိုးသားလုံးအတွက် အဖိုးမဖြတ်နိုင်သော အမွေအနှစ်အဖြစ် ချန်ထားနိုင်ရုံသာမက အခြားတိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးအတွက်ပါ စံနမူနာကောင်းအဖြစ် သမိုင်းတွင် ရစ်စေချင်ပါသည်။ အဘယ်ကြောင့် ဤမျှ သမိုင်းနှင့်ချီ၍ ဆိုရပါသနည်း။ ယင်းကို နားလည်နိုင်ရန်မှာ ကေအဲန်ယူ ဟူသည်မှာ
ဘာလဲ ပြန်လည် သုံးသပ်ကြည့်ရပါမည်။
ခက်ခဲကြမ်းတမ်းသည့် လက်နက်ကိုင် တော်လှန်စစ်ကို အဆက်မပြတ် ဆင်နွှဲခဲ့ရသဖြင့် ကေအဲန်ယူတွင်လည်းကောင်း၊ ကေအဲန်ယူ
ခေါင်းဆောင်များတွင်လည်းကောင်း အားနည်းချက်များ အမြောက်အများရှိနိုင်ပါသည်။ သို့ရာတွင် အနှစ်သာရကို မြင်အောင်ကြည့်ဘို့
လိုပါမည်။
ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားတွေအတွက်သာမက တိုင်းရင်းသားပေါင်းစုံလူထုကြီးအတွက်ပါ ဖြစ်စေရမယ် ဟူ၍ကြွေးကြော်
ခဲ့သည့် ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဦးဆောင်မှုကို ခံယူခဲ့သည့် အဖွဲ့အစည်း၊ ကရင်အမျိုးသားထုတရပ်လုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းခွင့်
ရရှိရေးမှသည် တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနိုင်ရေးအထိ နှစ်ပေါင်း ၆၀ကျော်
မဆုတ်မနစ် တိုက်ပွဲဝင်လာခဲ့သည့် အဖွဲ့အစည်း၊ မာနယ်ပလော လွတ်မြောက်နယ်မြေကို စစ်အာဏာရှင်များက စစ်ရေးနည်းသက်သက် ဖြင့် တိုက်၍မရနိုင်လောက်အောင် ဦးဆောင်ကာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်ခဲ့သည့် အဖွဲ့အစည်း၊ ရှည်ကြာလှသည့် ပြည်တွင်းစစ်အတွင်း ကရင်ကျေးရွာများ၏ ပြာပုံများ၊ ကရင်လူထု၏ သွေးနှင့်မျက်ရည်များ၊ ကရင်ရဲဘော်များ၏ အသက်နှင့် ခန္ဓာကိုယ်များကို မရေမတွက်နိုင် လောက်အောင် စွန့်လွှတ်ခဲ့ရသော်လည်း လက်နက်ကိုင် တော်လှန်ရေးကို အလံမလှဲစတမ်း မြှင့်တင်ထားနိုင်သည့် အဖွဲ့အစည်း၊ မြန်မာ နိုင်ငံ၌ စစ်အာဏာရှင်စနစ် တည်ရှိနေသမျှ ကျားကုတ်ကျားခဲ ဆက်လက်တိုက်ပွဲဝင် သွားလိမ့်မည်ဟူ၍ မဟာမိတ်များက မျှော်လင့်ခံရ သော အဖွဲ့အစည်း၊ ဤသည်မှာ ကေအဲန်ယူဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး အဓိက ငြိမ်းချမ်းရေး ဆွွေးနွေးပွဲလား။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဓိက အပစ်အခတ်ရပ်စဲရေးလား။
စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးများအား ၁၉၈၉ ခုနှစ်မှ စတင်ကာ အဓိကထား၍
လုပ်ဆောင်ခဲ့သည်။ သို့့ရာတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများအား မည်သည့်အခါတွင်မျှ အဓိကထား မလုပ်ခဲ့။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်အတွင်း အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့အစည်းများ နယ်ခြားစောင့်တပ်ဖွဲ့စည်း အသွင်ပြောင်း ရေးကို စစ်အစိုးရက ဖိအားပေးဖေါ်ဆောင်ရန်ကြိုးပမ်းခဲ့သည်။ အဖွဲ့ငယ်တချို့မှလွဲ၍ ၀သပ၊ ကေအိုင်အို၊ မွန်ပြည်သစ်ပါတီ အစရှိသည့် အဖွဲ့အစည်းကြီးများက ဆန့်ကျင်ရပ်တည်ကြသောအခါ ၄င်း၏ အစီအစဉ် ရပ်ဆိုင်းသွား ခဲ့ရသည်။ ကချင်အမျိုးသား အစည်းအရုံး (ကေအိုင်အို)နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက် ကေအိုင်အို၏ နိုင်ငံရေးရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားလာသည်။
၁၇နှစ်တာ အပစ်ရပ်ခဲ့သော်လည်း နိုင်ငံရေးအရဆွေးနွေးမှု ဘာတခုမျှ မဖြစ်ခဲ့ကြောင်း ကေအိုင်အိုက ထောက် ပြလာခဲ့သည်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရဆွေးနွေးအဖြေရှာမှုကို အမြန်ဆုံးဖေါ်ဆောင်ရန်မှာ ပဓာနကျကြောင်း၊ ပင်လုံစာချုပ်အပေါ် အခြေခံ လျှက် ဆွေးနွေးအဖြေရှာပြီးနောက် ရရှိလာသည့် ဘုံသဘောတူညီချက်ဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲသွားမှသာ ပြည်တွင်းငြိမ်း ချမ်းရေး ရနိုင်မည်ဖြစ်ကြောင်း ကေအိုင်အိုက တောင်းဆိုလာခဲ့သည်။ ဆိုလိုသည်မှာ စစ်အစိုးရက တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေငြာ၊ တပြိုင်နက်တည်းတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုုံုဆွေးနွေးမှုများကို ချက်ခြင်း လုပ်ဆောင်သွားရန် ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အဓိက ဖေါ်ဆောင်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ရေး ကေအိုင်အို၏ အဆိုပြုချက်မှာ စစ်အစိုးရအတွက်
အနာပေါ် တုတ်ကျ ဖြစ်သွားခဲ့သည်။ သို့ဖြစ်၍ ကေအင်ယူ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်း အက်စ်အက်စ် ပီပီ အစရှိသည့် အဖွဲ့အစည်းကြီး
များအား အချိုသတ်ထားပြီး ကေအိုင်အိုကို ဖိကာ ထိုးစစ်ဆင်ပါတော့သည်။ အကယ်၍ကေအိုင်အိုကို ပြန်လည်တိုက်ပွဲဆင်သည့်
တနှစ်ခွဲမျှကာလအတွင်း နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့လျှင်ပင် အတော်ပင် ခရီးပေါက်နေပါမည်။ သို့ရာတွင် ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသစ်သည် ယခင် နဝတ နအဖ စစ်အစိုးရ အဆက်ဆက်ကဲ့သို့ပင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကိုသာ အဓိကထားလုပ်နေဆဲ ဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲဲ့အစည်းအများစုကြီး ပါ၀င်ခဲ့သည့် တပ်ပေါင်းစု က ၁၉၉၀ ခုနှစ်ကထဲက စတင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခုလည်း ထုတ်ပြန်ကြေငြာချက်ပေါင်း များစွာဖြင့် တောင်းဆိုဆဲဖြစ်သည်။ အာဏာရနေသော စစ်အစိုးရ အဆက်ဆက်သည် စစ်မှန်သော စေတနာရှိပါက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများအား အခုလုပ် အခုရသည်။ နောက်ထပ် အချိန်ဆွဲရန်အကြောင်း ဘာမျှ မရှိ။
ငြိမ်းချမ်းရေးကို လိုလားပါသည်ဟု ကမ္ဘာသိ အော်ဟစ်နေသော ဦးသိန်းစိန်အစိုးရ၏ သက်တမ်း တနှစ်ခွဲကျော်အတွင်း ပြည်တွင်းစစ်
ဘာကြောင့်ဖြစ်ရသည်ကို ဘက်ပေါင်းစုံမှ ဖေါ်ထုတ်ဆွေးနွေးမှု လူထုများအတွင်း ပေါ်လာအောင် စတင်လုပ်ဆောင်နေသည်ကို
မတွေ့ရ။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများနှင့်သာ အချိန်ဆွဲထားလျှက်ရှိသည်မှာ အထင်အရှားပင်။ အဘယ်ကြောင့် ဆိုသော်
အပစ်အခတ်ရပ်စဲရေးရှည်ကြာလေလေ စစ်အာဏာရှင်စနစ် ခိုင်မြဲလေလေ ဖြစ်သောကြောင့်ပင်။
သာဓကတခု ပြပါမည်။
ရှစ်လေးလုံးအပြီး ရှမ်းပြည်တောင်ပိုင်း တောင်တန်းများပေါ်၌ ကျောင်းသားတပ်တခုကို ဦးဆောင်ကာ လှုပ်ရှားလျှက်ရှိစဉ်အတွင်း
စာရေးသူသည် စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်လျှက်ရှိသည့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေး တပ်ဦးမှ စစ်ဦးစီးချုပ်ဖြစ်သူ
ဗိုလ်မှုးချုပ်ထွန်းကျော်နှင့် တွေ့ဆုံခင်မင်ခွင့်ရခဲ့သည်။ တောင်ကြောကြီးတခုအပေါ် နေရာယူလျှက် ရက်တချို့ကြာမျှ တော်လှန်ရေး တပ်များ အတူတကွ ပူးတွဲ စခန်းချ နားနေလျှက်ရှိစဉ် စကားပြောဆို အမြင်ဖလှယ်ခွင့်များ ရခဲ့သည်။ ဗိုလ်မှုးချုပ်ထွန်းကျော်သည် စစ်ရေးအရ ထက်မြက်သူဖြစ်ပြီး ထိုစဉ်က စစ်ပွဲတပွဲ တိုက်ရုံမျှနှင့် ရန်သူ့ထံမှ လက်နက် ၁၈လက်ရအောင် တိုက်ပြနေခဲ့သူဖြစ်သည်။ တော်လှန်ရေးသမားကောင်းတဦးဘဲဟု မိမိစိတ်တွင် သတ်မှတ်ခဲ့ဘူးသည်။
သို့ရာတွင် နှစ်တချို့ကြာပြီးနောက် အပစ်အခတ်ရပ်စဲရေးများ ခေတ်စားလာသောအခါ ကလလတ သည်လည်း အပစ်ရပ်အဖွဲ့အစည်း စာရင်းဝင်ဖြစ်သွားခဲ့သည်။ ဤတွင် နဝတ စစ်အစိုးရက ကလလတ စစ်ခေါင်းဆောင်များအား စီးပွားရေးလုပ်ငန်းများဖြင့် မြှုဆွယ်ပြီး စစ်ဘက်နှင့် နိုင်ငံရေး ခွဲပါတော့သည်။ ယခုဆိုလျှင် ဗိုလ်မှုးချုပ်ထွန်းကျော်မှာ မြို့ပေါ်၌ အကြီးအကျယ် ကြီးပွားချမ်းသာနေပြီဖြစ်ကြောင်း ကြားရသည်။ ၄င်းတဦးအနေဖြင့် ဘဝလွတ်မြောက်ရေးနှင့် ငြိမ်းချမ်းမှု ရသွားခဲ့ပါပြီ။ စစ်အာဏာရှင်စနစ်ကို မထိပါးသမျှကာလပတ်လုံး ၎င်းအား လက်ရှိ စစ်အစိုးရက ရန်ရှာမည် မဟုတ်တော့ပါ။
ဗိုလ်မှုးချုပ်ထွန်းကျော်မျှော်မှန်းတိုက်ပွဲဝင်ခဲ့သည့်ကရင်နီ လူထုကြီးလွတ်မြောက်ရေး၊ ကရင်နီလူထုအနေဖြင့် ရသင့်ရထိုက်သည့် ကိုယ်ပိုင် ပြဌာန်းခွင့်အပေါ် အခြေခံသည့် ငြိမ်းချမ်းမှုရရေးမှာမူ ဝေလာဝေးနေဆဲဖြစ်သည်။ လုံခြံုမှုမှာ ကျီးလန့်စာစားနေရဆဲဖြစ်သည်။ စီးပွားရေး အခွင့်အလမ်းအရဆိုလျှင် အနိမ့်ဆုံးကလေးပင် မရသေးပါ။ ကရင်နီပြည်နယ် လောပီတမှ ရေအားလျှပ်စစ် အကြီးအကျယ်ထွက်ပြီး မြန်မာနိုင်ငံအတွင်းရှိ မြို့ပြဒေသများ (အထူးသဖြင့် စစ်အာဏာရှင်စနစ် ယန္တယား ပိုမိုလည်ပတ်စေမည့် နေရာများတွင်) အဓိကထားသုံး နေသည့်အချိန်၌ ယင်းသယံဇာတ ပစ္စည်း၏ ပိုင်ရှင် ကရင်နီလူထုကြီးနေထိုင်သည့် ကျေးရွာများမှာ ယနေ့အထိ လျှပ်စစ်မီးမရကြသေးပါ။
ဤသည်မှာ စစ်အစိုးရအဆက်ဆက် ယနေ့တိုင် နှစ်ပေါင်း ၂၀ ကျော်် ဖေါ်ဆောင်ဆဲဖြစ်သည့် အပစ်အခတ်ရပ်စဲရေး အဓိက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အကျိုးဆက်ဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်စေရန် တိုင်းရင်းသားတပ်ပေါင်းစုများ၏ ကြိုးပမ်းမှုများ
စစ်အစိုးရက ကချင်အမျိုးသား အစည်းအရုံး ကေအိုင်အိုကို ဖိတိုက်နေစဉ် (နောက်ပိုင်းတွင် အက်စ်အက်စ်ပီပီ ရှမ်းအဖွဲ့နှင့်ပါ တိုက်ပွဲများ ဖြစ်လာ) ကျန်သည့် တိုင်းရင်းသား အဖွဲ့အစည်းကြီးများက ကေအိုင်အိုကို နိုင်ငံရေးအရ ၀န်းရံရေးမှာ မလုပ်မဖြစ် လုပ်ဆောင်ရမည့်လုပ် ငန်း ဖြစ်လာသည်။
တပြည်လုံးအပစ်အခတ်ရပ်စဲရေးတောင်းဆိုထားသည်ကို ဦးသိန်းစိန်အစိုးရက မျက်ကွယ်ပြုလျှက်ရှိခြင်း၊ ကေအိုင်အိုအပေါ် ဆက်လက် ထိုးစစ်ဆင်နေခြင်း၊ များအားထောက်ပြလျှက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့တွင် ၄င်းတို့၏နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်ကျေငြာခဲ့သည်။ ယင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ၊ နိုင်ငံရေးပါတီ ထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်အတွင်း၌အများစုဆန္ဒမဲဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်သွားရန်ဟူသည်ကို လက်မခံနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လွတ်လပ်မှုနှင့် တန်းတူညီမျှမှု အပေါ်အခြေခံလျှက် ဆွေးနွေးညှိနိုင်းအဖြေရှာမှု မဟုတ်၍ဖြစ်ကြောင်း ဟူ၍ဖြစ် သည်။
ထို့အပြင် ကေအဲန်ယူက အဖွဲ့ဝင်တဖွဲ့အဖြစ် ပါ၀င်လျှက်ပင်ရှိသော တိုင်းရင်းသားလူမျိုးများကောင်စီက ၂၀၁၂ခုနှစ်၊ စက်တင်္ဘာလ
(၂၂)ရက်နေ့တွင် အောက်ပါအတိုင်းကြေငြာချက်ထုတ်ကာ စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ အားလုံးကို ဆိုင်းငံ့ရန် တိုက်တွန်းလိုက် သည်။
“သမတ ဦးသိန်းစိန် အနေဖြင့် ကချင်ပြည်၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း မြန်မာစစ်တပ်က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုသည်။ ဤကဲ့သို့ ကချင်ပြည်၌ ထိုးစစ်ဆင်တိုက်ခိုက် မှုများ ဆက်လက်ပြုလုပ်ပါက အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ပြည်ထောင်စု အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ အားလုံးကို ဆိုင်းငံ့ရန် တိုင်းရင်းသားလူမျိုးများကောင်စီက တိုက်တွန်းသည်။”
ကေအဲန်ယူ ပါ၀င်လျှက်ရှိသော တိုင်းရင်းသား တပ်ပေါင်းစုကြီးများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး ပြည်တွင်းငြိမ်းချမ်း ရေးအတွက် စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာအောင် စုပေါင်းဖိအားပေး နေသည့်အချိန်မှာပင် ကေအဲန်ယူ၏ တပ်မ ဟာ ဆက်ဆံရေးရုံး ဟူသည်များ တခုပြီးတခု ပေါ်လာနေလျှက်ရှိသည်။ ယင်းကို ကြည့်ခြင်းဖြင့် ကေအဲန်ယူအတွင်း၌ တခုခုတော့ အမှား အယွင်းဖြစ်နေပြီ ဟူသည်ကို မြင်နိုင်သည်။
ကေအဲန်ယူ နှစ်ဖွဲ့ကွဲသွားစေရန် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရက သတ်သျှိုဖြိုခွဲသလား။
ဤသည်ကို ပြောရခက်ခဲ့ပါသည်။ ပြီးခဲ့သော စစ်အစိုးရများ အဆက်ဆက် နှစ်ပေါင်း ၂၂နှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲခဲ့သည့် ဖြစ်စဉ် များအတွင်း သပ်လျှိုဖြိုခွဲမှုများ တွေ့ခဲ့သဖြင့် ယခု ကေအဲန်ယူကိစ္စတွင်လည်း အလားတူ ခန့်မှန်းနိုင်သည်။ သို့ရာတွင် အတိအကျ မပြောနိုင်ခဲ့ပါ။
ယခု သံသယဖြစ်ဘွယ် အချက်တရပ်ပေါ်လာပါပြီ။ အောက်တိုဘာလ (၁၁)ရက်နေ့နံက် လွတ်လပ်သော အာရှအသံနှင့် တွေ့ဆုံ မေးမြန်းခန်း၌ ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းက ကေအဲန်ယူကို ရည်ညွှန်းကာ အောက်ပါအတိုင်း ပြောသွားခဲ့သည်။
(ဤလင့်ခ် တွင် နားဆင်ပါ။ https://docs.google.com/open?id=0BzC8VZhwp11ASUthY0JzOVFVZW8 )
“နိုင်ငံရေးအဖွဲ့နဲ့ စစ်ရေးအဖွဲ့ နှစ်ခုရှိတာပေါ့ဗျာ။ စစ်ရေးအဖွဲ့က ငြိ်မ်းချမ်းရေးကို မြန်မြန်သွားချင်တယ်။ နိုင်ငံရေးအဖွဲ့ကတော့ ငြိမ်းချမ်း ရေးကို တဆင့်ပြီးတဆင့် သွားချင်တယ်။”
ဘယ်လိုပါလိမ့် ၀န်ကြီးမင်း။ ဒါဟာ ကေအဲန်ယူကို နှစ်ခြမ်းခွဲလိုက်တာ မဟုတ်ဘူးလားဟု မေးစရာပင် မလိုတော့ပါ။ ကေအဲန်ယူကွဲမှာ စိုးရိမ်၍ ကေအဲန်ယူ၏ သမိုင်းအစဉ်အလာ၊ နိုင်ငံရေးရပ်တည်ချက်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမူ၊ ကိုယ်ကျိုးစွန့်သည့် လုပ်ဟန်တို့ကို လေးစားတန်ဘိုးထားသော လူထုများနှင့် မဟာမိတ်အဖွဲ့အစည်းများက ၀ိုင်းဝန်းအကြံပေးကြ၊ အားပေးကြ၊ ၀န်းရံကြ လုပ်နေကြခြင်းဖြစ်သည်။
ဦးအောင်မင်းထိုသို့ ပြောနေသည့် နေ့ရက်အထိ ကေအဲန်ယူသည် နှစ်ဖွဲ့မကွဲခဲ့ပါ။ နိုင်ငံရေးအဖွဲ့နှင့် စစ်ရေးအဖွဲ့ နှစ်ခုဆိုသည်မှာ လုံးဝမမှန်ပါ။ ကေအဲန်ယူသည် တခုတည်းသာရှိသည်။ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်သည် တခုတည်းသော ဗဟို ကော်မတီ၏ ဦးဆောင်မှုအောက်မှာပင် ယနေ့အထိ ရှိနေဆဲဖြစ်သည်။
ယင်းကို မျက်ကွယ်ပြုလျှက် နိုင်ငံရေးအဖွဲ့နှင့် စစ်ရေးအဖွဲ့ နှစ်ခုရှိသည်ဟု ၀န်ကြီးဦးအောင်မင်းက ပြောလိုက်ခြင်းမှာ ကွဲနေပြီဟု ၎င်း ကိုယ်တိုင်က အများသိအောင် ကြေငြာလိုက်ခြင်း မဟုတ်ဘူးလား။ ဦးအောင်မင်းသည် မီးကလေးတစအား တောမီးကြီးဖြစ်အောင် မလုပ် သင့်ပါ။ စစ်ရေးအဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားချင်တယ်ဟူ၍ သုံးလိုက်ခြင်းဖြင့်လည်း ငြိမ်းချမ်းရေးကိစ္စ၌ စစ်ရေးအဖွဲ့က ရှေ့မှာ ရောက်နေပြီး အတက်ကြွဆုံးလုပ်နေသည့်သဘော ပြောလိုက်ခြင်းဖြစ်သည်။ အများထင်ယောင်မှားအောင် ကြေငြာလိုက်ခြင်းဖြစ်သည်။ အချက်အလက်အရ လုံးဝပင် လွဲမှားနေသည်။
ကေအဲန်ယူ ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးကို အတက်ကြွဆုံးတောင်းဆိုလာခဲ့သည်မှာ နှစ်ပေါင်းကြာလှပါပြီ။ မှတ်မိသမျှနှစ်ခု ထောက်ပြပါမည်။
တခုက ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးမြက ၁၉၉၀ခုနှစ်တွင် ကေအဲန်ယူ ပါ၀င်ဖွဲ့စည်းထားသည့် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်ကို ဦးဆောင်ခဲ့စဉ်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် စစ်အစိုးရကို ကမ်းလှမ်းခဲ့ဘူးသည်။ ထို့နောက် ကွယ်လွန်သူ ဖဒိုစော ဘသင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့စဉ်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကျင်းပရန် စာနှင့်ရေးကာ ကမ်းလှမ်းခဲ့ဘူးသည်။ ယင်းတို့မှာ ကေအဲန်ယူ၏ နိုင်ငံရေးက ဦးဆောင်နေတာ မဟုတ်ဘူးလား။ ယခုလည်း စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မူတူးဆေးဖေါနှင့်အဖွဲ့ကို အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲသို ့ကေအဲန်ယူတခုလုံး၏ နိုင်ငံရေးကို ဦးဆောင်နေသည့် လက်ရှိအမှုဆောင်ကော်မတီက စေလွှတ်ခြင်း မဟုတ် ဘူးလား။ ယင်းသို့ဖြစ်ပါလျှက် “စစ်ရေးအဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ်” ဟူ၍ ကရင်လူထုနှင့် အောက်ခြေတပ်ထုများ ထင် ယောင်ထင်မှားဖြစ်အောင် ဦးအောင်မင်း ဘာကြောင့် ပြောနေပါသနည်း။
ပို၍ဆိုးသည်မှာ အောက်ပါစကားလုံးကို သုံးသွားခြင်း ဖြစ်သည်။
“သူတို့နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးချင်တယ် ဆိုရင်လဲ ရန်ကုန်မှာလား ဘန်ကောက်မှာလား သူတို့ဆွေးနွေးချင်တဲ့နေရာမှာ ဖြစ်အောင် စီစဉ် ပေးပါမယ်။”
ယင်းအပြောအရ ရှင်းနေသော အချက်မှာ ကေအဲန်ယူနှစ်ဖွဲ့ ရှိသည့်အနက် နှစ်ဖွဲ့လုံးကို ဆက်ဆံသွားမည်ဟူ၍ ကြိုတင် မီးစိမ်းပြလိုက် ခြင်း ဖြစ်သည်။ ကေအဲန်ယူကို စည်းလုံးညီညွတ်စေခြင်ရင် နှစ်ဖွဲ့တွေ သုံးဖွဲ့တွေ ပြောနေစရာ အကြောင်းမရှိပါ။ ကေအဲန်ယူ၏ လေးနှစ် တကြိမ် ညီလာခံမှ တရားဝင် ရွေးချယ်တင်မြှောက်ထားသော ကြီးငါးကြီး ခေါင်းဆောင်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့်ဖြစ်စေ၊ ၎င်းတို့က တာဝန်ပေးစေလွှတ်လိုက်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်ဖြစ်စေ ဆက်ဆံသွားရန်သာ ရှိသည်။
ဦးအောင်မင်းသည် ကေအဲန်ယူကို စည်းလုံးညီညွတ်စေချင်ရုံသာမက ပြည်ထောင်စုတခုလုံးအတွက် ထာဝရ ငြိမ်းချမ်းရေးကို မရောက် ရောက်အောင် သွားချင်သည်ဟုဆိုလျှင် တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းကျေညာကာ နိုင်ငံရေးအင်အားစုအားလုံးကိုပါ ဖိတ်ခေါ်လျှက် နိုင်ငံရေးဆွေးနွေးမှုများ အမြန်ဆုံးဖေါ်ဆောင်ရန်သာ ရှိသည်။ သို့မဟုတ်ပါက ဦးအောင်မင်းသည် အပြောတမျိုး၊ အလုပ် တမျိုးလုပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်သာ ပံ့ပိုးပေးနေသည်ဟု သုံးသပ်ရပါမည်။
အပိုင်း(၅)ကို ဆက်လက်ဖတ်ရှုပါရန်
အောင်ထူး (ရှေ့နေ)
၂၀၁၂ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်။