ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်သို့ တပ်အင်အားတိုးချဲ့နေသော မြန်မာအစိုးရသည် ဖားကန့်သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာတွင် အစိုးရတပ်အင်အား ၂၀၀ ကျော် ထပ်မံဖြည့်ထားကြောင်း KIA အရာရှိ တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
နှစ်ဖက်တိုက်ပွဲများရပ်နေချိန် အစိုးရတပ်အင်အားများသည် ဖားကန့်ဖက်သို့ မြစ်ကြီးနား-မိုးကောင်း၊ မိုးကောင်း-ကားမိုင်းလမ်းဖက်မှ တိုးချဲ့လာကာ အောက်တိုဘာလ ၄ ရက် ကြာသပတေးနေ့တွင် နမ့်ယာ (Nam Ya) ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
ဖားကန့်သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာသည် ဖားကန့်ကျောက်စိမ်းမှော်ဒေသနှင့် (၁၀) မိုင်ကျော် အကွာအဝေးဖြစ်သည်။
ယခုချိန် ဖားကန့်တွင် တိုက်ပွဲများ ခဏရပ်စဲနေသော်လည်း မြန်မာအစိုးရတပ်များမှ စစ်အင်အားများ အင်တိုက်အားတိုက် ဖြည့်နေသောကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟု ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရာတဦးဆိုသည်။
“မြန်မာအစိုးရတပ်က မိုးကောင်း-ကားမိုင်း ကနေတက်လာတယ်။ နောက် သာမခန် ဘက်ကနေတက်လာပြီး ဖားကန့် ကျောက်စိမ်းမှော်ကို သူတို့လုံးဝထိန်းချုပ်နိုင်အောင်၊ သူတို့ကြိုက်သလိုလုပ်စားလို့ရအောင်၊ ကြိုက်သလိုတူးစားလို့ရအောင် ကြိုးပမ်းနေတယ်။”
မြန်မာအစိုးရတပ်သည် ဖားကန့်တပ်ရင်း (၆) ကိုတိုက်ရန် အသင့်ရှိနေပြီး ယခုအချိန် အင်အားတိုးချဲ့ ချထားသော အစိုးရတပ် တပ်ရင်းများ ၁၀ ကျော်သည် လူအင်အား ၆၀၀ ကျော်ဖြင့် မြစ်ကြီးနား-ဖားကန့်လမ်း၊ ဖားကန့်-သာမခန်လမ်းများဖြင့် ဆက်လက်တိုးချဲ့နေသောကြောင့် မကြာမီတိုက်ပွဲကြီးများဖြစ်လာ နိုင်ကြောင်း တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး Nhkum Zau Doi မှ ပြောသည်။
မြန်မာအစိုးရတပ်သည် KIA တပ်ရင်း ၆ ရှိသည့် ကျောက်စိမ်းကောင်းများစွာထွက်ရှိသည့် ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) များကို သိမ်းပိုက်ရန်လည်း ကြိုးစားနေကြောင်း ဆက်ဆိုသည်။
မြန်မာအစိုးရတပ်သည် ကျောက်စိမ်းထွက်သော ဖားကန့်-မှော်ဝှမ်း-လောင်ခန်ပတ်ဝန်းကျင်တွင်လည်း အင်အား ၁၀၀ ကျော်ရှိပြီး၊ ဂွေခါဘက်တွင်တပ်လည်း အင်အား ၁၀၀ ကျော်ရှိကြောင်းသိရသည်။ အစိုးရတပ်များသည် ဖားကန့် မျောက်ဖြူတွင်လည်း မြေဇာပုံတွင်တပ်ချ ကျင်းတူးပြီး အသင့်ရှိနေကြောင်း အရာရှိများပြောသည်။
http://kachinnews.com/burmese/news/968-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%81%E1%80%BA%E1%80%AE%E1%80%90%E1%80%80%E1%80%B9%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%A1%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8-%E1%81%82%E1%81%80%E1%81%80-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%80%94%E1%80%99%E1%80%B9%E1%80%B7%E1%80%9A%E1%80%AC%E1%80%99%E1%80%BD%E1%80%AC-%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%94.html