“ တိုက်ပွဲငြိမ်သွားတာက ကျနော်တို့နဲ့ အစိုးရ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ဆိုင်မယ်လို့ ယူဆပါတယ်။ အစိုးရဘက်က တပ်အင် အားတွေလဲတယ်။ လက်နက်တွေ၊ ရိက္ခာတွေ၊ တချို့နေရာဆိုရင် တပ်အင်အားတွေ ထပ်ဖြည့်နေတာ တောက်လျှောက် ပါပဲ။ အခုဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လကနေ တပ်ရင်းပေါင်း (၁၀၀) ကနေ အခု (၁၃၀) ရင်း လောက်ရှိ သွားပြီးလေ။ အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကို တိုက်ဖို့ အသင့်ပြင်ထားတဲ့ သဘောပါ။” ဟု ဆိုပါသည်။
KIA တပ်မဟာ (၅) ဒေသဖြစ်သော လိုင်ဇာ ဗဟို ဌာနချုပ်ဂွင်တွင် အစိုးရ တပ်ရင်းပေါင်း (၁၈) ရင်းခန့် ဖြန့်ကျက်ထားပြီး၊ ဧရာဝတီ မြစ်ဆုံ အထက်ပိုင်းရှိ KIA တပ်မဟာ (၁) ဒေသတွင် ပြီးခဲ့သည့် လဆန်းပိုင်းက အစိုးရ တပ်အင်အား (၁၅၀၀) ခန့် တိုးချဲ့ ချထားခဲ့သည်ဟု ဆိုပါသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ KIA တပ်မဟာ (၂) ဒေသတွင် နိုဝင်ဘာ လဆန်းပိုင်း အထိ တိုက်ပွဲများ ငြိမ်းသက်လျက် ရှိရာမှ နိုဝင်ဘာ (၁၃) ရက်နေ့တွင် အစိုးရ ဘက်မှ ရိက္ခာနှင့် တပ်အင်အား ထပ်ဖြည့်သည့် အစီစဉ်ကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ပါသည်။
“တပ်အင်အားနဲ့ တက်မလာဘူး ဆိုရင် တိုက်ပွဲဖြစ်စရာ အကြောင်း မရှိပါဘူး။ အင်အားနဲ့ လာတော့ ကျနော်တို့ ဘက်က ပြန်လည်ခုခံတဲ့ အနေနဲ့ တိုက်ရတယ်။ ဘာဘဲဖြစ်ဖြစ် အကျအဆုံး တချို့နဲ့ အနှောင့်အယှက် ဖြစ်ခဲ့တယ်” ဟု တပ်မဟာ (၂) မှ တပ်မှုးတစ်ဦး ကဆိုပါသည်။
ဗန်းမော် ခရိုင်တွင် ရှိသော KIA တပ်မဟာ (၃) ဒေသနှင့် ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဒေသတို့သည် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသော ဒေသ ဖြစ်သည်ဟု ဆိုပါသည်။
ဆဒုံးမြို့တွင် လှုပ်ရှား နေသော ခမရ (၄၁၆) တပ်ဖွဲ့တို့သည် နိုဝင်ဘာလ (၂၄) ရက်နေ့ မနက်ပိုင်းတွင် KIA တပ်စခန်း ရှိရာ လပွမ်ဘွမ်သို့ ၈၈ မမ စိန်ပြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
အလားတူ နာဖေါ့တပ်စခန်း အခြေချ ခလရ (၁၀၅) တပ်ဖွဲ့တို့သည် KIA တပ်စခန်း ရှိရာ ကမူနန် စခန်းသို့ ၈၁ မမ စိန် ပြောင်းဖြင့် (၆) ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ကားမိုင်းမြို့နယ် ကောင်ရာ ကျေးရွာတွင် လာရောက် နေရာယူ တပ်စွဲထားသော ခမရ (၁၃) တပ်ဖွဲ့တို့သည် KIA တပ်စခန်း ရှိရာ ခိုင်တောင်ဘက်သို့ ၈၁ မမ စိန်ပြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ဤကဲ့သို့ လက်နက်ကြီးများဖြင့် နေရာအနှံ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ ကချင်ပြည်နယ် တစ်ခုလုံး တိုက်ခိုက်မှုများ (၂)ရက် တာ ငြိမ်သက် သွားခဲ့ပါသည်။ သို့သော် အစိုးရတပ် စစ်ကြောင်းများသည် နေရာအနှ့ံ ဆက်လက် လှုပ်ရှားနေလျှက် ရှိပါသည်။
အစိုးရနှင့် KIO တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့သော် လည်း ဘာသဘော တူညီမှုမှ မရခဲ့ပေ။ နိုဝင်ဘာလမကုန်မှီ နိုင်ငံရေး အရ KIA နှင့် ဆက်လက် ဆွေးနွေး လိုကြောင်း အစိုးရ ဘက်မှ ကမ်းလှမ်း ထားမှု ရှိသော်လည်း တဖက်တွင် တပ်အင်အား၊ ရိက္ခာ၊ စစ်ပစ္စည်း လက်နက်မျိုးစုံ ဖြည့်ဆည်းလျက် ရှိပါသည်။ ဤသည် ဆွေးနွေးပွဲကို အကြောင်းပြုပြီး စစ်ရေး ပြင်ဆင်ချိန်ကို ရရှိရန် ကျင့်သုံးသည့် နည်းပရိယာယ်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။
ထို့အပြင် အစိုးရသည် KIA နှင့် နိုင်ငံရေး အရ ဆွေးနွေးမှုများ ဖြစ်ပေါ် လာစေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်နေ့၌ သမ္မတရုံးမှ ထပ်မံ သတင်း ထုတ်ပြန် ထားပါသည်။ ဤသို့ကြောင့် ဤအခြေအနေ အတိုင်းသာဆိုလျှင် အစိုးရ ဆင်ထားသည့် နိုင်ငံရေး ဆွေးနွေးပွဲ ပရိယာယ်ထဲသို့ KIA ဆင်းသက်လိမ့်မည် မဟုတ်ဟု အများက ယူဆပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2424-----kia--.html