လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးက ရင်သပ် ရှုမောဖွယ်ရာ ကောင်းလှပါတယ်။ မြန်မာ့နိုင်ငံရေးရဲ့ အဓိက အခန်းကဏ္ဍမှာပါ၀င်နေတဲ့ တိုင်းရင်းတို့ရဲ့အရေး ကိစ္စကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ စတင်နေသလို၊ ပါလီမန် အတွင်းမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်းပါ၀င်တဲ့စနစ်နဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ကိုစမ်းသပ်နေပါတယ်။ နှစ်ပေါင်းငါးဆယ်ကျော်ကြာ ဖိနှိပ်ထားခြင်းခံရတဲ့ ပြည်သူတွေကလည်း လွတ်လပ်ပွင့်လင်းလာတဲ့ အခိုက်မှာ လယ်ယာမြေကိစ္စ၊ ပြည်သူတွေပိုင်တဲ့ သဘာဝသယံဇာတတွေကို ပွင့်လင်းမြင်သာမှု မရှိဘဲ နိုင်ငံတကာ ကုမ္ပဏီတွေကို ရောင်းချခဲ့မှုတွေကို လူထုကန့်ကွက်ပွဲတွေနဲ့ ဆင်နွဲနေပါတယ်။
မြန်မာ့နိုင်ငံရေးရဲ့ အဓိက အခန်းကဏ္ဍမှာ ပါ၀င်နေတဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းစစ်က လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြသနာ ဖြစ်နေပါတယ်။ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး အကောင်အထည်ဖေါ်ရေး ဒုအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းရဲ့ “ဖက်ဒရယ်ဆိုတဲ့ စကားလုံးက ကြောက်စရာမဟုတ်ဘူး” စကားတခွန်းက နှစ်ပေါင်း ခြောက်ဆယ်ကျော် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုက်ပွဲဝင်လာတဲ့ တိုင်းရင်းသား လက်နက်ကို်င်တွေကို တအံ့တသြ ဖြစ်စေခဲ့ပါတယ်။
နိုင်ငံရေးအရ တန်းတူမှုနှင့်အတူ သဘာဝသယံဇာတ ခွဲဝေခံစားတဲ့အခါမှာလည်း တိုင်းရင်းသားတို့အဖို့ နှစ်ပေါင်း ငါးဆယ်ကျော် ပစ်ပယ်ထားခြင်း ခံခဲ့ရပါတယ်။ တိုင်းရင်းသားဒေသတွေက ထွက်ရှိလာတဲ့ သဘာဝသယံဇာတတွေကို တိုင်းရင်းသားတွေ တစိုးတစိမျှ ခံစားပိုင်ခွင့် မရှိခြင်းကလည်း အဓိက မကျေနပ်တဲ့ အချက်တွေထဲမှာ ပါ၀င်ပါတယ်။ ပညာရှင်တွေကတော့ သဘာဝ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတွေမှာ ဖြစ်တဲ့ပဋိပက္ခတွေကို သဘာဝသယံဇာတ ကျိန်စာ ( Resources Curse) အဖြစ်သုံးနှုံးကြပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကလည်း သံယံဇာတကျိန်စာသင့်နေတဲ့ လက္ခဏာနှင့် တထေရာတည်း တူညီနေပါတယ်။ ဘဏ္ဍဝင်ငွေအမြောက်အမြားကို ရှာဖွေ ပေးနိုင်တဲ့ သဘာဝ သံယံဇာတများ ကြွယ်ဝပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြင်းထန်စွာ ဝေဖန်ခံနေရသောနိုင်ငံ ၊ခြစားမှုများကြောင့် ထော့ကျိုး ဖြစ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အုပ်ချုပ်သူအစိုးရနှင့် တိုင်းရင်းသား များကြားဖြစ်ပွားနေတဲ့ နှစ် ၆၀ ကြာပြည်တွင်းစစ်ကြောင့် ဆိုးကျိုးများ ခံစားနေရတဲ့ နိုင်ငံဖြစ်ပါတယ်။
သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲရာမှာ ထွက်ရှိတဲ့ ဒေသခံလူမျိုးတွေ အပေါ်လျစ်လျူရှုထားခြင်းနှင့် သဘောထားကြီးစွာ ခွဲဝေသုံးစွဲခြင်းက နိုင်ငံအတွက် ဘယ်အထိ အကျိုးရှိတယ်ဆိုတာကို နိုင်ငံကို စီမံခန့်ခွဲနေတဲ့ နိုင်ငံခေါင်းဆောင်တွေ သိထားအပ်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံလို သဘာဝ သယံဇာတ ကြွယ်ဝပြီး လူမျိုးမတူတဲ့ ဆူဒန်နိုင်ငံဟာ မကြေနပ်ချက်တွေကို မထိမ်းနိုင်တဲ့ အချိန်မှာ တောင်နှင့် မြောက် ဆူဒန်နိုင်ငံ အဖြစ်ပေါ်ထွက်လာတဲ့ ဖြစ်စဉ်နဲ့ ကိုယ်ပို်င်ပြဌာန်းခွင့်အတွက် နှစ်ပေါင်း (၅၀) ပြည်တွင်းစစ်ဖြစ်ပြီးမှ သဘာဝသယံဇာခွဲဝေသုံးစွဲခွင့်နဲ့ ပြည်တွင်းစစ်ကို ငြိမ်းအေးစေခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံထဲက အာချေး ဒေသပြသနာ ဖြေရှင်းပုံတွေဟာ ခေတ်တစ်ခုရဲ့ လမ်းပေါ်ကို တက်စပြုနေတဲ့ မြန်မာတွေ လေ့လာသင့်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
တောင်ပိုင်းဆူဒန်
ဆူဒန်နိုင်ငံရဲ့ ရ၅ ရာခိုင်နှုန်းသော ရေနံသိုက်ဟာ တောင်ပိုင်း ဆူဒန်မှာတည်ရှိပေမယ့် ရေနံလုပ်ငန်းနှင့် ပတ်သတ်တဲ့ စက်မှုလုပ်ငန်းတွေက မြောက်ပိုင်း ဆူဒန်မှာ တည်ရှိနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှု ကွာဟချက်က ဆယ်စုနှစ် နှစ်ခုကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးကို တောက်လောင် စေခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်အရ ပြည်တွင်းစစ် ကိုရပ်စဲနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး စာချုပ်နှင့်အတူ တောင်ပိုင်းဆူဒန်ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဗဟိုအစိုးရနှင့် အာဏာခွဲဝေ သုံးစွဲခွင့်ရရှိခဲ့ပြီး ရေနံလုပ်ငန်းကရရှိတဲ့အကျိုးအမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ခံစားပိုင်ခွင့် ရရှိခဲ့ပြန်တယ်။
ဒေသခံတွေ အနေနဲ့ သဘာဝ သယံဇာတရဲ့ အကျိုးအမြတ်ကို မျှတစွာ ခံစားပိုင်ခွင့် မရရှိခြင်းဟာ သွေးထွက်သံယို ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ တောင်ပိုင်း ဆူဒန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ ဥပမာ တစ်ရပ် ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ခွဲဝေသုံးစွဲရာမှာ မျှတမှုမရှိ တာကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုနဲ့ အတူ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခြင်းနှင့် အကျိုးရလဒ် အဖြစ် တောင်ပိုင်း ဆူဒန်ဟာ ၂၀၁၁ ဇူလိုင် ၉ ရက်နေ့မှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။
သဘာဝသယံဇာတမှ ရရှိတဲ့ အကျိုးအမြတ်တွေကို မျှတစွာခွဲဝေ ခံစားပိုင်ခွင့်ရရှိခြင်းဟာ ပြဿနာ တွေကို လျော့ကျစေနိုင်သလို ပဋိပက္ခတွေကို ကာကွယ်မှုတွေပေးနိုင်ပါတယ်။
အာချေး
အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ ရေနံနှင့်သဝဘာဓါတ်ငွေ့ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး အာချေးဒေသကလည်း ရေနံနှင့်သဘာဝဓါတ်ငွေ့သိုက်ကြွယ်ဝတဲ့ပြည်နယ်ဖြစ်ပါတယ်။
ဒတ်ချ်ကိုလိုနီလက်အောက်သို့ ကျရောက်စဉ်တုန်းက အာချေးဒေသဟာ လွတ်လပ်တဲ့ ဆူလတန် ဘုရင်တွေ အုပ်ချုပ်ရာ နယ်မြေ ဖြစ်ပါတယ်။ အာချေးဒေသဟာ လွတ်လပ်တဲ့ ပြည်နယ်ဖြစ်ပြီး လွတ်လပ်ရေးအတွက် ဒတ်ချ်ကိုလိုနီအစိုးရကို ရာစုနှစ်ချီတိုက်ပွဲဝင်ခဲ့ပါတယ်။ ၁၉၄၉ မှာ ဒတ်ချ် ကိုလိနီလက်အောက်က အင်ဒိုနီးရှား လွတ်လာတဲ့အခါမှာအင်ဒိုနီရှားသမ္မတနိုင်ငံရဲ့ အောက်မှာ အထူး အုပ်ချုပ်ရေး ဒေသဖြစ်လာခဲ့ပါတယ်။ အာချေးပြည်သူတွေ မှာလည်း လုံဝလွတ်လပ်ရေး တောင်းဆိုမှုနှင့်အတူ ခွဲထွက်ရေး လက်နက်ကိုင် လှုပ်ရှားမှုက နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ချုပ်ဆိုတဲ့ အင်ဒိုနီးရှားအစိုးရနှင့် Gerakan Aceh Merdeka (GAM)အာချေးလွတ်မြောက်ရေး အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး စာချုပ်ဟာအာချေးတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ခွင့်ပြုခဲ့ပြီး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရရှိတဲ့အခွန်ဘဏ္ဍာရဲ့ ရ၀ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ် ။ ( အာဏာရှင် ဆူဟာတို လက်အောက်မှာ အကျိုးအမြတ်ရဲ့ ၅ ရာခိုင်နှုန်းကို သာခွင့်ပြုခဲ့တယ်။) Gerakan Aceh Merdeka (GAM) အဓိက တောင်းဆိုမှုဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုနိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။
ဒီနိုင်ငံ နှစ်ခုကို လေ့လာကြည့်စဉ် သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲတဲ့အခါ ပိုင်ဆိုင်ခွင့်ရှိတဲ့ လူမျိုးစုတွေ အပေါ်အနိုင်ကျင့်ဗိုလ်ကျခြင်းက နိုင်ငံကိုပြိုကွဲစေတဲ့ဘက်ကို ဦးတည်စေသလို အင်ဒိုနီးရှားက ဥပမာက မြန်မာခေါင်းဆောင်တွေ နှစ်သက်လက်ခံနိုင်မယ့် အချက်ဖြစ်နိုင်ပါတယ်။ သဘာဝသယံဇာတကနေ ရရှိလာတဲ့ အကျိုးအမြတ်ကို ခွဲဝေပေးလိုက်ရုံနဲ့ နှစ်ပေါင်း (၅၀) ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်စေနိုင်ခဲ့သလို အင်အားရှိပြီး စည်းလုံးတဲ့ ခေတ်သစ်စီးပွားရေးအရ သြဇာရှိတဲ့ နိုင်ငံအဖြစ်ကို ထွက်ပေါ်လာစေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်ဟာ သယံဇာတမှ ရရှိတဲ့အကျိုးအမြတ်တွေကို တိုင်းရင်းသားတို့ အနေနဲ့ ခွဲဝေခံစားပိုင်ခွင့် မရှိခြင်းက အဓိကအချက်မှ ပါ၀င်နေပါတယ်။ သဘာဝ အရင်းအမြစ် ထုတ်ယူတဲ့ ဒေသနှင့် ဒေသခံလူထုကို သူတို့ပိုင်သဘာအရင်းအမြစ် ထုတ်ယူသုံးစွဲခြင်းနှင့် ထုတ်လုပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ၀န်ထုတ်ဝန်ပိုးအတွက် မျှတတဲ့ လျော်ကြေး ပြန်လည် ပေးအပ်ခြင်းနှင့် အကျိုးအမြတ်ကို ၄င်းဒေသတိုးတက်ရေး အတွက် ပြန်လည် အသုံးပြုရန်လိုအပ်ပါတယ်။ ဒီလိုသာ မျှတတဲ့ ခံစားပိုင်ခွင့်တွေ ရှိနေမယ်ဆိုရင် နှစ်ပေါင်း (၆၀) ကျော်ကြာ ဖြစ်ပေါ် နေတဲ့ ပြည်တွင်းစစ်ကို အရှိန်လျော့ပြီး အဆုံးသတ် နိုင်မှာ ဖြစ်သလို မြန်မာပြည်တလွားက ပြည်သူတွေရဲ့ မငြိမ်မသက်မှုတွေကိုလည်း နိဂုံးချုပ်နိုင်မယ်လို့ ထင်မြင်မိပါတယ်။
Written by လှရွှေ
ရည်ညွန်း။
၁။ http://www.bbc.co.uk/news/world-africa-14069082
၂။ Peace Zones In Aceh A Prelude to De-militarisation, Pushpa Iyer, Research Paper 3, April 2003 at http://icar.gmu.edu/Aceh_PZs.pdf
၃။ http://www.businessweek.com/news/2011-12-01/myanmar-sees-west-easing-sanctions-soon-as-clinton-to-visit.html
၄။ .S. Policy Recommendations to Combat Natural Resource Conflict and Corruption.
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2612-2012-12-02-08-16-16