"မိုင်းလား သေနတ်လားမသိဘူး၊ ကျနော်လည်း သတိမထားမိဘူး၊ ရွာထဲမှာ တိုက်ပွဲဖြစ်ကြတာ ကေအိုင်အေနဲ့ ဖြစ်ကြတာ ဗမာစစ်သားနဲ့ တွေ့ရာပစ်သစ်တာ သူတို့၊ စပါးရိပ်ရင်းနဲ့ တိုက်ပွဲဟိုးအရှေ့မှာ ဖြစ်ကြတယ်ဆိုတော့ ကျနော့်သားသမီးမိသားစုတွေအားလုံး ဝပ်ကြတဲ့အချိန်မှာ ထိသွားတာ နောက်မြီး ကွင်းကျတာပေါ့"
ရှဒူးဇွပ်ရွာက အသက် ၆ နှစ်အရွယ် သူငယ်တန်းကျောင်းသား မောင်ရန်နိုင်ရဲ့ဖခင်က မနေ့က နေ့လည်ပိုင်းမှာ ကျည်ဆံထိမှန်မှုကြောင့် ညာဘက်ခြေထောက်မှာ မောင်ရန်နိုင် ဒဏ်ရာရရှိခဲ့ပုံကို ပြောပြပါတယ်။
"တဒိုင်းဒိုင်းနဲ့ ဝင်ပစ်လာတာပဲ သိလိုက်တယ်၊ ကျနော့်သားကတော့ ၁၂နာရီခွဲ ကျောင်းဆင်းလာတာ ထမင်းတောင် မစားရသေးဘူး၊ ခြံထဲမှာ ကလေးတွေသေနတ်သံကြားတော့ အဲထဲထည့်ထားလိုက်တာ၊ ဒဏ်ရာကတော့ သေနတ်ဒဏ်ရာတွေ့တာပဲ၊ လက်နက်ကြီးတွေ မိုင်းတွေတော့ အဲလောက်လဲ ကျနော်တို့လဲမသိဘူး၊ ခုတော့ သိပ်တော့စိုးရိမ်စရာမရှိဘူး၊ ခွဲတော့ခွဲရမယ်လို့ပြောတာပဲ၊ အဲလောက်ပဲကျနော်တို့သိသေးတာ၊ ဆေးရုံးကိုရောက်တယ်"
ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ မူလတန်းကျောင်းသား ကလေးငယ် ၂ဦးနဲ့ တင်ပဆုံမှာ ဒဏ်ရာရရှိခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်ဋ္ဌေးကြွယ်ဆိုသူ အမျိုးသမီးတို့ဟာ မြစ်ကြီးနားဆေးရုံပေါ်မှာ ခွဲစိတ်ကုသခံနေတယ်လို့သိရပြီး ရှဒူးဇွပ်ရွာသား ဦးဂွန်ထပ်နော် ဆိုသူကတော့ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း နမ္မတီး - တနိုင်း လီဒိုလမ်းတလျှောက်မှာ ရှိတဲ့ လွယ်လျန်၊ ဝါရာဇွပ်၊ နောင်းမြီ၊ ရှဒူးဇွပ် စတဲ့ ကျေးရွာတွေတဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။
http://www.rfa.org/burmese/news/army-kia-conflict--12042012071204.html