၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်ပွဲ ပြုလုပ်စဉ်။
ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့ခံပြည်သူ လူဦးရေ ၈၀၀ ခန့်က
ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်မှာကို ဆန့်ကျင်တဲ့အနေနဲ့
ဒီကနေ့မနက် (၁၁) နာရီက တစ်နာရီကြာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။တီးတိန်မြို့ စကောလားနှစ်ခြင်း အသင်းတော်ရှေ့ကနေ တီးတိန်နာရီစင်အထိ
ချီတက်လမ်းလျှောက်ပြီး CNF အလိုမရှိ၊ သမ္မတ ဦးသိန်းစိန် အစိုးရသာ
အလိုရှိသည်။ ပြည်သူဗဟိုပြု ဥပဒေသာ အလိုရှိသည်။ စတဲ့ပိုစတာ ဆိုင်းဘုတ်တွေ
ကိုင်ဆောင်ကာ ဆန္ဒပြကြတယ်လို့ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့
တီးတိန်လူငယ် မိတ်သဟာရအဖွဲ့မှ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနုန်းရှင်းတွောင်က RFA
ကို ပြောပါတယ်။
“သူတို့က ချင်းအမျိုးသား တပ်ဦးပေါ့။
ချင်းအမျိုးသား တပ်ဖွဲ့ ဆိုပေမယ့် ချင်းလူမျိုးကို ခြုံငုံပြီးတော့
ဖွဲ့စည်းတာ မဟုတ်ဘူး။ ပြီးတော့ ချင်းကိုယ်စားဆိုပေမယ့် အကုန်လုံး
ခြံုငုံပြီးတော့ လုပ်ထားတာလည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့
တီးတိန်နယ်က နေဆိုရင် လူဦးရေ (၁၆) ယောက်လောက်က သူတို့ သတ်ပစ်တာပေါ့။
ဖြေရဲတာလည်း မရှိသေးဘူး။ ဒီအတိုင်းပဲ သူတို့က မြေပုံပဲကြည့်ပြီးတော့
သူတို့ဖွင့်ချင်သလို ဖွင့်တဲ့အခါကြတော့ ကျွန်တော်တို့လည်း မကျေနပ်ဘူးလေ။
တကယ်လို့များ သူတို့က ဒီလိုဖွင့်ချင်လို့ရှိရင် လူထုနဲ့တွေ့ဆုံပြီးမှ
ဖွင့်ရမှာ”
ဒီကနေ့ ဆန္ဒပြကြတာနဲ့ ပတ်သက်လို့ CNF တွဲဖက်အတွင်းရေးမှူးချုပ်(၂) ဆလိုင်းရွှေခါးက RFA ကို အခုလိုပြောပါတယ်။
“ဒီစစ်တိုက်တာတွေ ဘာတွေ ကြားထဲမှာကတော့
မတော်တဆ ထိခိုက်မှုတော့ ရှိပါလိမ့်မယ်နော်။ ဆိုတော့ အဲဒီမှာ
ဘယ်သူ့လက်ချက်လဲ ဆိုတဲ့ဟာကိုလည်း ကောင်းကောင်းသိဖို့တော့ လိုအပ်တာပေါ့နော်။
ပြီးတော့ ဒါကတော့ တမင်ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်ဘဲနဲ့
မတော်တဆဖြစ်တာတွေ တော်တော်များမှာ ဖြစ်ပါတယ်”
သူတို့ဒေသခံတွေ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကတည်းက
ရုံးဖွင့်မှာကို လက်မခံကြောင်း သမ္မတဆီ စာတင်ခဲ့ပေမယ့် အခုထိ ထူးခြားမှု
ရှိမလာခဲ့ဘူးလို့လည်း နုန်းရှင်းတွောင်က ပြောပါတယ်။
သူတို့တွေအနေနဲ့ တောတွင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတို့
ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဒါကြောင့် CNF အနေနဲ့ အခုလို
ရုံးဖွင့်မယ်ဆိုရင် ပြည်သူလူထုနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုတယ်လို့
ဆန္ဒပြသူတွေက ပြောဆိုပါတယ်။
http://www.rfa.org/burmese/news/cnf-office-local-people-against-09252012112637.html
CNF ရုံးခွဲသစ်ကိုတီးတိန်ဒေသခံများ ကန့်ကွက်ဆန္ဒပြ
တီးတိန်မြို့လယ် နာရီစင် (ဓာတ်ပုံ – zogampost.com)
ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဆက်ဆံရေးရုံးခွဲ ချင်းပြည်နယ်
တီးတိန်မြို့တွင် ဖွင့်လှစ်သည်ကိုု မလိုုလားသည့် တီးတိန်ဒေသခံများက
အဆိုပါရုံးကို ပိတ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
“CNF အဖွဲ့ဟာ ချင်းပြည်နယ် တမျိုးသားလုံုးကိုု
ကိုုယ်စားပြုတဲ့အဖွဲ့မဟုုတ်ပါဘူး။ သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ၊
ပြည်နယ်ဝန်ကြီးတွေဆီကိုုပါ ရုံးမဖွင့်ဖိုု့ ဖေဖော်ဝါရီလကတည်းက
စာပိုု့ထားတာကို အလေးမထားတဲ့အပြင်၊ ပြည်သူတွေက မလိုလားတဲ့ကြားက ဒီလို
ဆက်ဆံရေးရုံးကို ဖွင့်လိုက်တာကြောင့် မကျေနပ်လို့ပါ” ဟု တီးတိန်ဒေသခံ
ကိုုနုမ်းရှမ်းတွမ်က ဧရာဝတီသို့ ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုုယ်စားလှယ်အဖွဲ့နှင့် CNF တိုု့အကြား အပစ်အခတ်
ရပ်စဲရေးအပါအဝင် ပဏာမ သဘောတူညီချက်များအရ CNF ၏ ဆက်ဆံရေးရုံးခွဲကို
စက်တင်ဘာလ ၂၄ က တီးတိန်မြို့တွင် ဖွင့်လှစ်ခဲ့ရာ အဆိုုပါရုံုးရှေ့တွင်
တီးတိန် ဒေသခံ ၂၀၀ ကျော်က “CNF အလိုမရှိ”၊ “သမ္မတဦးသိန်းစိန် အစိုုးရသာ
အလိုရှိသည်”၊ “ပြည်သူကို ဗဟိုပြုရေး ဒိုု့အရေး” စသည်တိုု့ကိုု ကြွေးကြော်
ကန့်ကွက်ခဲ့ကြသည်ဟုု ဆိုုသည်။
“အစိုုးရနဲ့ ငြိမ်းချမ်းရေး မလုုပ်ခင်တုုန်းက CNF က ကျနော်တိုု့
ပြည်သူတွေကိုု ကာကွယ်မပေးတဲ့အပြင် ဆက်ကြေးတောင်းတာ၊ လူသတ်တာတွေ ရှိခဲ့တယ်။
အဲဒီလို ကိုုယ့်အမျိုးသားအချင်းချင်းအပေါ် လုုပ်နေတဲ့ သူတိုု့ရဲ့
လုုပ်ရပ်တွေကိုု ကျနော်တိုု့ ပြည်သူတွေက လက်မခံနိုင်ပါဘူး။ ကျနော်တိုု့
ဒေသက ငြိမ်းချမ်းနေပြီးသား” ဟုု ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမုံလခ်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း တီးတိန်မြို့တွင်းရှိ စျေး၊ ဆိုင်များ
အားလုံးကိုပိတ်၍ CNF ၏ ဆက်ဆံရေးရုံုးခွဲ မဖွင့်လှစ်ရန်နှင့်
တီးတိန်မြို့ကို ခရိုင်အဆင့် တိုးမြှင့်ပေးရန် ကန့်ကွက်မှုများ
ပြုလုုပ်ခဲ့သေးသည်။
၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင်
ဖွဲ့စည်းခဲ့သည့် CNF သည် ပြီးခဲ့သည့် မေလ ရ ရက်က ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဟားခါးမြို့၌ တွေ့ဆုံကာ
အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် ၁၅ ချက်ကို သဘောတူ
လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုုပါ အချက်များတွင် တီးတိန်အပါအဝင် ထန်တလန်နှင့် မတူပီမြို့နယ်တိုု့၌
CNF ၏ ဆက်ဆံရေးရုံုးခွဲများ ဖွင့်လှစ်ရန် သဘောတူညီမှုများ ပါ၀င်သည်။
ထိုစဉ်က CNF ၏ ရုံးခွဲကိုု ၄င်းတို့မြို့တွင် ဖွင့်လှစ်ရန်
သဘောမတူညီကြောင်း တီးတိန်ဒေသခံများက အစိုးရအဖွဲ့အစည်းများသို့ စာပေးပို့
တောင်းဆိုခဲ့သကဲ့သို့ CNF ကလည်း ဒေသခံများ၏ ဆန္ဒမပါ၀င်ဘဲ ရုံးခွဲများကို
ဖွင့်လှစ်မည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း Chin Peace and Tranquility Committee က
ချင်းပြည်နယ်ရှိမြို့နယ် ၉ မြို့နယ်တွင် “ငြိမ်းချမ်းရေး
စောင့်ကြည့်ရေးအဖွဲ့” များ အမြန်ဆုံးဖွဲ့စည်းသွားရန် ဦးဆောင်စီစဉ်နေကြောင်း
သိရသည်။
ယင်းစောင့်ကြည့်ရေးအဖွဲ့များတွင် အစိုးရဝန်ထမ်းများနှင့် CNF ၏
အဖွဲ့ဝင်များ မပါ၀င်ဘဲ သီးခြားလွတ်လပ်သော ဘာသာရေးခေါင်းဆောင်များ၊
ချင်းလူငယ်များနှင့် ဒေသခံလူကြီးများ ပါ၀င်ဖွဲ့့စည်းသွားမည် ဖြစ်ကြောင်း၊
နှစ်ဖက် လက်နက်ကိုင်တပ်များက ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊
အနိုင်ကျင့်မှုများ ပြုလုပ်လျှင် ယင်းအဖွဲ့များက ချက်ချင်းစုံစမ်းကာ
အစီရင်ခံမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
http://burma.irrawaddy.org/archives/21286