“ ကျနော်တို့က နှစ်ခါ ဆုတ်ပေးပြီးပြီးလေ။ အခု ထပ်ဆုတ်ခိုင်းပြန်တယ်။ ကျနော်တို့က မဆုတ်ပေးနိုင်တော့ဘူး။ သူတို့ကို ကြည့်နေတယ်။ တိုးလာရင်တော့ ပစ်မှာဘဲ၊ ဒီကိစ္စပြောရရင် ဒီလိုပါ ကျနော်တို့က အစိုးရဖက်က သဘောထားမမှန်ဘူးဆို တာသိတယ်။ ဒါပေမဲ့ကျနော်တို့က အပစ်အခတ်ရပ်စဲရေးကို မသုံးသပ်သေးတာဟာ နိုင်ငံရေးနည်းနဲ့ အဖြေရှာချင်သေးတဲ့ သဘောပါ။ သူတို့တောင်းတာကို ကျနော်တို့က ဆုတ်ပေးပါတယ်။ တခါဆုတ် နှစ်ခါဆုတ်ပေါ့ဗျာ။ အဲဒီအပေါ်မှာ သူတို့က အခွင့် ကောင်းယူတာလားတော့ မပြောတတ်ဘူး။ ထပ်ဆုတ်ခိုင်းပြန်တယ်။ ဒါတော့ သိပ်လွန်လာပြီးလေ။ မဆုတ်တော့ ဘူး” ဟု ဆိုပါသည်။
SSPP သည် အထက်ပါကဲ့သို့ သဘောထား တင်းမာ လာသည့်အတွက် အစိုးရ တပ်ဖွဲ့များသည် သြဂုတ်လဆန်းမှ စပြီး SSPP ဌာနချုပ် ဖြစ်သော ၀မ်းဟိုင်းဒေသအဝင်လမ်းကြောင်းများကို ရှိပြီးသားအင်အား (၁၀) ရင်းအပြင် နောက်ထပ် အင်အား တထောင်ခန့် ထပ်မံအားဖြည့်တင်းပြီး ပိတ်ဆို့ ထားလိုက်ပါသည်။ ဤကဲ့သို့ ၀မ်ဟိုင်း အဝင်လမ်း ကြောင်းများကို ပိတ်ဆို့ထား ခြင်းကြောင့် SSPP အနေနှင့် စီးပွားရေးအရ ထိခိုက်လာနေသော်လည်း ထွက်ပေါက် လမ်းကြောင်းများစွာ ရှိသည်ဟု ဗိုလ် မှူးကြီး ဖိန်ဖက ဆိုပါသည်။
ဝမ်းဟိုင်း ဌာနချုပ်သည် ရှမ်းပြည်နယ် ကျေးတီမြို့နယ် အရှေ့ဖက် မိုင်းရှုု့၏ အနောက်ဖက်၊ မိုင်းယောင်း၏ အရှေ့မြောက်ဖက်၊ တန်းယန်းမြို့နယ်နှင့် လာရှိုးအကြား၌ရှိပါသည်။ SSPP တပ်ဖွဲ့များသည် အထူးသဖြင့် ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ မိုင်းရှူးဂွင်၊ မိုင်းမဂွင်နှင့် ၀မ်းဟိုင်းဂွင်များ၌ လှုပ်ရှားကြပါသည်။
အစိုးရတပ်ဖွဲ့များသည်၊ ပြီးခဲ့သည့် ဇူလိုင်လဆန်း၌ မိုင်းရှူးဂွင်ရှိ SSPP စခန်းများကို ရာဇသံ နှစ်ခါပေးပြီး (၇) မိုင်ကုန်းခေါ် မိုင်းအွတ် စခန်းနှစ်ခုကို ဆုတ်ခွာခိုင်းခဲ့သည်။ SSPP သည် ၄င်းတို့ရာဇသံကို လက်ခံပါသည်။ ဤကိစ္စကိုလည်း သမ္မတထံ တိုင်ကြားပြီး ဖြေရှင်းစေလိုသော်လည်း တိုက်ပွဲများဆက် လက်ဖြစ်ပွားခဲ့သည်။
ဤသို့ကြောင့် SSPPသည်၄င်း၏ မဟာမိတ်ဖြစ်သော KIA နှင့်ပလောင် လွတ်မြောက်ရေး တပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး ရှမ်းပြည် မြောက်ပိုင်းရှိ လာရှိုးဂွင်မှ အစိုးရတပ်များကို တိုက်ခိုက် ခဲ့ပါသည်။ ဤကဲ့သို့ တန်ပြန်တိုက်ခိုက်လာသဖြင့် အစိုးရ၏ မိုင်းရှူး စစ်ဆင်ရေး များသည် ဇူလိုင်လဆန်းပိုင်းမှ ယနေ့အထိ ရပ်တန့်သွာပါသည်။
ဤကဲ့သို့ ရပ်တန့်နေချိန်တွင် အစိုးရသည် ယခုလသြဂုတ်လဆန်း၌ တတိယအကြိမ် ရာဇသံသစ်ပေးပြီး SSPP ၏ ၀မ်ဟိုင်း ဌာနချုပ်ကို ထပ်မံ ပိတ်ဆို့ လိုက်ပြန်ပါသည်။ ဤနည်းဖြင့် အစိုးရသည် SSPP အပေါ် စစ်ရေးအရ လှည့်စားနေခဲ့ပါသည်။
စစ်ရေးအရ အစိုးရက တိုးချဲ့လှုပ်ရှား လာနေသည်ကို သမ္မတ ကိုယ်တိုင်က ရေငုံနှုတ်ပိတ်နေပါသည်။ ဘာကြောင့်လဲ?၊ KIA ကို ၀င်ကူမှာ စိုးသည့်အတွက် KIA အဖွဲ့နှင့် အနီးစပ်ဆုံးဖြစ်သည့် SSPP ကို ထိုးစစ်အသွင်ဖြင့် ဟန့်တားနေသလော?၊ ဤအ ပေါ် “၀”တို့က မည်သို့သဘောထား မည်လဲ? ၊ သို့မဟုတ် KIA အလှည့်ပြီးလျှင် SSPP အလှည့်လား၊ စစ်အင်အားနှင့် တဖွဲ့ချင်း အားပျော့လာအောင် ကြံဆောင်နေတာလား စသည့် နည်းဗျူဟာ များဖြစ်သလား စဉ်းစားစရာ ဖြစ်လာခဲ့ပါသည်။
ဤသို့ကြောင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုဖြစ်သည့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခြင်းသည်၊ အသွင်သစ်စစ်ရေးဗျူ ဟာဟုစစ်ရေး သုံးသပ်သူများက ဆိုပါသည်။ SSPP/SSA သည် အစိုးရနှင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ဤကဲ့သို့ သဘောတူညီမှုများ လက်မှတ်ရေးထိုး ထားသော်လည်း အစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲပေါင်း (၃၀) ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2037----sspp--.html