လူထုအစည်းအဝေးတွင် ရခိုင်အရေးကျွမ်းကျင်သူ (၁၆)ဦး၏ ရခိုင်အရေးနှင့်ပတ်သက်သော စာတမ်းများအား ဖတ်ကြားခဲ့ကြပြီး၊ မြို့နယ်(၆)ခုမှ ကိုယ်စားလှယ်များကလည်းသဘောထားအမြင်များတင်ပြခဲ့ကြသည်။
စာတမ်းများဖတ်ကြားရာတွင် ရခိုင်သမိုင်းဖြစ်စဉ်များ၊ ရိုဟင်ဂျာဆိုသည်မှာ သမိုင်းအဆက်ဆက်ကပင် ရခိုင်ပြည်နယ်မှာလုံးဝ မရှိခဲ့ကြောင်း၊ တိုင်းတစ်ပါးမှခိုးဝင်လာသူ ဘင်္ဂလီများနှင့်အတူနေ၍ လုံးဝမဖြစ်နိုင်ကြောင်းကို မီးမောင်းထိုးပြ ထားသလို ယနေ့ရခိုင်လူငယ်များအနေဖြင့် ရခိုင်သမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များကိုသိရှိနားလည်စေသည့် စာတမ်းများဖြစ်သည်။
ယနေ့အစည်းအဝေးတွင် ဆွေးနွေးချက်များအား အားရကျေနပ်မှု ရှိကြောင်းကို ၀ံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက "အစိုးရဟာ ဘင်္ဂလီနှင့် အတူနေ၍ရမရဘူးဆိုပေမယ့် workshop ပြုလုပ်တဲ့နည်း၊ စုံစမ်းမေးမြန်းတဲ့နည်းလမ်းနဲ့ လမ်းကြောင်းပေးဆောင်ရွက်နေတာကို တွေ့မြင်ရတယ်၊ ယခုရခိုင်လူထုစည်းဝေးပွဲကြီးက ရခိုင်လူမျိုးတွေဟာ ဘင်္ဂလီနှင့်အတူ ယှဉ်တွဲနေထိုင်ဖို့ လုံးဝမဖြစ်တော့တာကို ရှင်းရှင်းလင်းလင်း သက်သေပြရာရောက်တယ်၊ ဒါကြောင့် ယခုလို လူထုစည်းဝေးပွဲကြီး ပြုလုပ်တာကို အားရကျေနပ်မှုရတယ်၊" ဟုပြောသည်။
ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကလည်း ယခုစည်းဝေးပွဲကြီးမှ ဆုံးဖြတ်ချက်သည် ရခိုင်တစ်မျိုးသားလုံး၏ အနာဂတ်အတွက် အသက်တမျှအရေးကြီးသည်ဟုယူဆ၍ အထူးအလေးထားစောင့်မျှော်လျက်ရှိကြသည်။
" ရခိုင်လူထုအနေဖြင့် ယခုအစည်းအဝေးက ရခိုင်တစ်မျိုးသားလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကိုယ့်မြေကိုယ့်ရေမှာ နေထိုင်နိုင်ရေးအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုချမှတ်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်" ဟု အစည်းအဝေးသို့ လာရောက်နားထောင်သူ ကျောင်းဆရာ ကိုသန်းတင်ကပြောသည်။
အခမ်းအနားအစီအစဉ်အရ ရခိုင်မင်္ဂလာစည်တော်တီး၍ ဦးစိန်သာမှ ဧကပိုဒ်ရတုကို သီဆိုကျူးရင့်ပြီး (၇း၃၀)တွင် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။ (၈းဝဝ)တွင် သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ၊ (၈း၁၅)တွင် ကျင်းပရေးကော်မတီဥက္ကဌက လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
(၈း၃၀)တွင် ဦးလှဘော်အောင်က ဦးဘိုမင်းဖြူ၏ သမိုင်းကပေးသော သင်္ခန်းစာစာတမ်းကို ဖတ်ကြားကာ ဆက်လက်ပြီး (၈း၄၅)တွင် ဦးသိန်းမောင်မှ ရသေ့တောင်မြို့နယ်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြသည့်စာတမ်းကို ဖတ်ကြားခဲ့သည်။
ဦးမောင်ကျော်မြင့်က ဦးမောင်ဘသိန်း(စစ်တွေ)၏ ကိုလိုနီဆိုးမွေခံ ရခိုင်ပြည်နယ်နှင့် စစ်တကောင်းသားတို့၏ နယ်သစ်ချဲ့ရေးထကြွမှုစာတမ်းထဲမှ ကောက်နှုတ်ချက်ကို ဖတ်ကြားတင်ပြသည်။
(၈း၄၅)ထိ အခမ်းအနားသို့ လူ(၅၀၀)ကျော်တက်ရောက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၀)ခန့်ရောက်ရှိခဲ့သည်။ (၁၀းဝဝ)နာရီအရောက်တွင် လာရောက်နားထောင်သူပေါင်း ထောင်ကျော်ရှိခဲ့သည်။ ခန်းမအတွင်းကိုယ်စားလှယ် (၃၅၀)ကျော် တက်ရောက်နေပြီး ခန်းမပြင်ဘက်ရှိ ယာယီမဏ္ဍာပ်များ၊ လေးဘက်လေးတန်နေရာကွက်လပ်များ ကျောင်းဆောင်များတွင်လူ (၁၀၀၀)ကျော်ခန့် ရှိခဲ့သည်။
ဟောပြောသူများမှာ သမိုင်းသုတေသီပညာရှင်များမှ ရခိုင်သမိုင်း၊ မြန်မာသမိုင်း၊ နိုင်ငံတကာသမိုင်းများ ကျမ်းအကိုးအကားများဖြင့် အချက်ကျကျတင်ပြနိုင်ကြသဖြင့် ရသေ့တောင်မြို့လူထုများသာမက ကျေးလက်တောရွာများမှပါ ဆက်လက်လာရောက်နေကြသည်။
နေ့လည်ပိုင်းတွင် ရပ်နီးရပ်ဝေးမှ ရခိုင်လူမျိုးများ လူပရိသတ် ထပ်မံရောက်ရှိလာရာ ၂၀၀၀ ကျော်အထိရှိခဲ့သည်။
ထိုသို့ လာရောက်မှု များပြားလာခြင်းမှာ ရန်ကုန်ကတဆင့်လာသူများနှင့် ရသေ့တောင်မြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်များရှိ ရပ်ရွာဒေသများမှ ရခိုင်တို့ မနက်မိုးမလင်းမီကတည်းက စက်လှေများဖြင့် လာကြ၍နောက်ကျမှ ရောက်လာ ခြင်းဖြစ်သည်။
၄င်းတို့အနေဖြင့် ရခိုင်ပြည်တွင် တစ်ပြည်လုံးအတိုင်းအတာနှင့်ယခုကဲ့သို့ လူထုစည်းဝေးပွဲကြီးကျင်းပ ခြင်းအပေါ် ဂုဏ်ယူပါကြောင်း ပေါက်တောမြို့နယ်မှ လာရောက်သည့် အမျိုးသမီးနှစ်ဦးက ပြောသည်။
ရန်ကုန်နှင့်နေပြည်တော်မှပြန်လာသူများအထဲတွင်စစ်တွေမြို့မှရှေ့နေတစ်ဦးဖြစ်သည့် စာရေးဆရာမ ပံသုခင်လည်း ပါ၀င်သည်။
လုံခြံုရေးအနေအထားမှာ တည်ငြိမ်လျက်ရှိပြီး လာရောက်သူများကလည်း စည်းကမ်းရှိရှိငြိမ်းချမ်း ငြိမ်သက်စွာ နားထောင်ခဲ့ကြပြီး လုံခြံုရေးတပ်ဖွဲ့ဝင် (၁၀)ခန့်ရောက်ရှိသည်။
စက်တင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးနေ့အစည်းအဝေးတွင် ရခိုင်ရေးရာကျွမ်းကျင်သူပညာရှင်များက ၄င်းတို့၏စာတမ်းများကို ဖတ်ကြားပြီးသည့်နောက် ရခိုင်တစ်မျိုးသားလုံးအတွက် အရေးပါသောဆုံးဖြတ်ချက်များကို ချမှတ်ရတော့မည် ဖြစ်၍ ယနေ့ထက်ပိုမိုများပြားသော စောင့်ကြည့်လေ့လာသူများသည် အစည်းအဝေးသို့ ရောက်လာနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
http://arakantimes.net/burmese/index.php/component/content/article/52-2012-09-25-02-28-56/480-2012-09-25-13-15-53