အဆိုပါ သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းမူကို KIO အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ဦးအောင်မင်းက ပြောကြားသည်။
“နိုင်ငံတော် သမ္မတကြီးက ဒီလောက်တောင် ဖြစ်လှတာ၊ နေပြည်တော်မှာ လာလုပ်၊ သူ့မျက်စိရှေ့မှာ လာလုပ်ဆိုပြီးတော့ ဒီလောက်အထိကို အခွင့်အရေး ပေးထားတယ်။ သွားရေး၊ လာရေး၊ လုံခြုံရေး ကိစ္စအားလုံး တာဝန်ယူတယ်။ ဒီမှာ လာလုပ်ပါ။ အဲဒါ အဖြေ မရသေးဘူး” ဟု ဦးအောင်မင်းက ဆိုသည်။
အစိုးရအနေနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အပါအဝင် ဗန်းမော်မြို့နယ်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံ ဆွေးနွေးရန် KIO အဖွဲ့မှ တာဝန်ရှိသူတို့ကိုလည်း ကမ်းလှမ်းခဲ့သေးကြောင်း သိရသည်။
“ဗန်းမော်မှာ တွေ့ရအောင်လို့ ပြောတယ်၊ မဟုတ်ဘူး၊ သူတို့က လွယ်ဂျယ်နားက ပရန်ငေါန်ကျေးရွာမှာ တွေ့မယ်ဆိုပြီးတော့ ပြောသွားတယ်၊ သူတို့နယ်မြေထဲမှာပေါ့။ ကဲ … ဒီနေရာ မကြိုက်ရင် နောက်တနေရာ မူဆယ်မှာ တွေ့ရအောင် ပြောတယ်၊ သူတို့က မဟုတ်ဘူး၊ တဖက်နိုင်ငံ တနေရာ၊ ရွှေလီမှာ တွေ့ရအောင် ပြောတယ်။ ဒီလိုနေရာ ညှိတဲ့အခါမှာ အဆင်မပြေတာလေးတွေ ရှိတယ်” ဟု ဦးအောင်မင်းက ပြောသည်။
KIO ခေါင်းဆောင်များနှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များအနေဖြင့် တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စအားလုံးကို ရှင်းပေးလို့ ရတယ်။ မူဝါဒ၊ မူဘောင်နဲ့ ကိုက်ညီတဲ့ ဥစ္စာတွေ ဥပဒေက ခွင့်ပြုထားတဲ့ ဥစ္စာတွေကို အကုန် ရှင်းပေးလို့ရတယ်။ သို့သော်လည်းပဲ ဒီစစ်ရေး စွမ်းအားကိုတော့ ကျနော် ရှင်းပေးလို့ မရဘူး။ ဒါတွေ အားလုံးက နှစ်ဘက်တပ်တွေက ဒီဘက်က တပ်ခေါင်းဆောင်တွေနဲ့ ဟိုဘက်က တပ်ခေါင်းဆောင်တွေ ရှင်းရမယ့် ကိစ္စဖြစ်တယ်” ဟု ဦးအောင်မင်းက ဆိုသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ အစိုးရထံသို့ တရားဝင် အစည်းအဝေး ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ဖြစ်မလာကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်သို့ ပြောသည်ဟု ဘားမား ဗီဂျေ မီဒီယာ၏ ရုပ်သံသတင်းတွင် ဖော်ပြထားသည်။
“တရားဝင် အစည်းအဝေးလုပ်ရအောင် ကျနော်တို့ တောင်းဆိုတယ်၊ ရွှေလီမှာပဲ တကြိမ် တရားဝင် အစည်းအဝေးလုပ်မယ်၊ မူတခု ချမယ်၊ မူချပြီးလို့ရှိရင် ကျနော်တို့ မြစ်ကြီးနားမှာ လုပ်ရအောင်လို့ ပြောထားပြီးသား။ မြစ်ကြီးနား ဘယ်မှာလုပ်မယ်၊ ဘယ်သူက တာဝန်ယူမှာကအစ အဆိုပြုထားတယ်။ ဒါပေမယ့် တရားဝင် အစည်းအဝေးက ဖြစ်မလားဘူး” ဟု ဗိုလ်မှူးချုပ် ဂွန်မော်က ပြောကြောင်း အဆိုပါ ရုပ်သံသတင်းအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန် ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာ နှစ်ဘက်ကိုယ်စားလှယ်များကို ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အစိုးရ တပ်မတော်က သမ္မတ၏ အမိန့်ကို နာခံခြင်း ရှိမရှိ ဧရာဝတီက မေးမြန်းခဲ့ရာ ဦးအောင်မင်းက “တပ်မတော်က အမိန့်မနာခံဘူး ဆိုတာကတော့ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း တပ်မတော်သားပဲ။ အထက်က အမိန့်ပေးရင် ဖြစ်အောင်လုပ်ရမှာပေါ့။ တိတိကျကျ လိုက်နာရမှာပေါ့။ ပေးလည်းပေးပြီးသားပဲ။ စာရွက်စာတမ်းကအစ ကျနော်တို့က ရှိပြီးသားပဲ။ ဒီစာရွက်စာတမ်းတွေကိုလည်း တိုင်းရင်းသား အားလုံးကို လိုက်ဖြန့်ဝေထားတာပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရှုပ်ထွေးနေလို့ ဖြစ်တဲ့အခြေအနေလို့ပဲ ကျနော်ယူဆပါတယ်။ တပ်မတော်က အမိန့်မနာခံတာ မဟုတ်ပါဘူး” ဟု ဖြေကြားသည်။
ကချင်ဒေသတွင် ယမန်နှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသော ဒေသခံ ဒုက္ခသည်များမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း စုစုပေါင်း ၉၀၀၀၀ ခန့် ရှိကြောင်း သိရသည်။
(သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံမေးမြန်းချက် အပြည်အစုံကို မကြာမီ ဖော်ပြပါမည်။)