ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်၊ တုံလော ကျေးရွာအုပ်စုအတွင်းရှိ ရှားတောကျေးရွာ အနီးနှင့် မောက်မယ် မြို့နယ်၊ မိုက်ညု ကျေးရွာအုပ်စုအနီး အခြေစိုက်လှုပ်ရှားနေသည့် SSA တပ်ဖွဲ့ဝင်များ ယခုလ (၇) ရက်နေ့က တိုက်ခိုက်ခံခဲ့ရကြောင်း SSA တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက အခုလို ပြောသည်။
“ရှားတော ကျေးရွာအုပ်စုထဲကပေ့ါ။ နောင်ဝိုးဗျူဟာ အခြစိုက် လက်အောက်ခံ တပ်ရင်းတွေက ကျနော်တို့ တပ်ဖွဲ့ကို တောထဲမှာ ၀င်တိုက်ပါတယ်။ မောက်မယ် မြို့နယ် ဖက်မှာလည်း အစိုးရတပ်တွေက ကျနော်တို့ အဖွဲ့တွေကို တောထဲမှာ ၀င်ပြီး တိုက်သွားပါတယ်။”
ထို့အပြင် ယခုလ (၅) ရက်နေ့ကလည်း ရှမ်းပြည်နယ် အရှေ့ခြမ်း မိန်းပြင်းမြို့နယ်၊ မိန်းပူးလုံ ကျေးရွာအုပ်စု အတွင်း အစိုးရတပ်ဖွဲ့မှ ၀င်ရောက် ပစ်ခတ်ခဲ့သည့်အတွက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“အစိုးရတပ် ခလရ (၃၆၀) ကနေ တောထဲမှာ လှုပ်ရှားနေတဲ့ ကျနော်တို့ တပ်ဖွဲ့တွေကို ၀င်တိုက်သွားပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်ကတော့ (၁၅) မိနစ်လောက် ကြာပါတယ်။ အစိုးရဖက်က ပြန်ဆုတ်ပေးသွားပါတယ်။”
ယင်းတိုက်ပွဲများအတွင်း SSA ဖက်က တစုံတရာ ထိခိုက်ကျဆုံးမှု မရှိသော်လည်း အစိုးရဖက်မှ ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိသည်ဟု ဒေသခံများထံက သိရကြောင်း ဗိုလ်မှူး စိုင််းလောဝ်ဆိုင်းက ပြောသည်။
ထို့အပြင် နှစ်ဖက်တပ်များ တိကျသည့် နယ်မြေ သတ်မှတ်နိုင်ခြင်း မရှိသေးသလို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့်အတွက် ဒေသတွင်း ပစ်ခတ်မှုများ ဖြစ်ပွားရကြောင်းနှင့် ငြိမ်းချမ်းရေးအပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောဆိုသည်။
“ငြိမ်းချမ်းရေး အတူတကွ တည်ဆောက်မယ်ဆိုရင် ယုံကြည်မှုက အရေးကြီးပါတယ်။ ယုံကြည်မှု အပြန်အလှန်မရှိဘဲနဲ့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး တည်ဆောက်မလဲ ဆိုတာကတော့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။”
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့နှင့် SSA/ RCSS ကိုယ်စားလှယ်တို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလနှင့် ယခုနှစ် မေလက နှစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
လက်မှတ်ရေးထိုးစဉ်က နှစ်ဖက် တပ်ဖွဲ့များ နယ်မြေဖြတ်သန်း သွားလာသည့်အခါ တဖက်နှင့်တဖက် တရားဝင် အကြာင်းကြားပြီးမှ သွားလာကြရန် သဘောထူထား သော်လည်း အစိုးရတပ်က မလိုက်နာသည့်အတွက် ပစ်ခတ်မှုများ ဖြစ်ပွားနေရကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် တိုက်ပွဲဖြစ်ပွားမှု ၃၄ ကြိမ်ခန့် ရှိကြောင်း သိရသည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=480&catid=5&Itemid=12