“ကျနော်တို့သျှမ်းပြည်မြောက်ပိုင်းမှာ ရှိနေတဲ့ အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေကို ဆုတ်ခွာပြီးတော့ စစ်မှန် တဲ့နိုင်ငံရေးစကားဝိုင်းလုပ်ဖို့ ဆွေးနွေးဖို့ ကျနော်တို့တောင်းဆိုတယ်” - ဟု တအာင်းကျောင်းသား နှင့် လူငယ် အစည်းအရုံး အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို က ပြောပါသည်။
၂၀၁၂ နိုဝင်ဘာ ၇ ရက် တအာင်းကျောင်းသား နှင့် လူငယ် အစည်းအရုံး မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် နယ်စပ် မဲဆောက်မြို့၌ ‘ပိုက်လိုင်း၏အိပ်မက်ဆိုး’ ဆိုသည့် အစီရင်ခံစာတစောင်အား ယနေ့ထုတ်ပြန်ခဲ့သည်။
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုန်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူစယ်မြို့နယ်အတွင်း ပိုက်လိုင်းဖြတ်သန်းသွားရာမှာ ကျေးရွာ ၅၁ ရွာမှ လယ်၊ ယာ၊ ဥယျာဉ်ခြံ ဧက ၂၀၀၀၀ ကျော်သိမ်းဆည်းခံရသည့် အပြင် လမ်းများ၊ တံတားများ၊ လယ်ယာအတွင်းသွားလာလုပ်ကိုင်စားသောက်မှု၊ ခရီးသွားလာမှုများအားအခက်အခဲဖြစ်စေကြောင်း၊ ထို့အပြင်ပိုက်လိုင်းလုံခြုံရေးတပ်များကလည်း ဒေသခံ လူထုအားလူ့အခွင့်အရေးအမျိုးမျိုးချိုးဖေါက်နေကြောင်း ပြောပါသည်။
“ပိုက်လိုင်းကြောင့် ဒေသအတွင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရတပ်က ဖိအားပေးဖို့၊ ပိုက် လိုင်းလုံခြုံရေးအတွက် အစိုးရက စစ်အင်အားတွေ အရမ်းတိုးချတယ်။ ပိုက်လိုင်းလမ်းကြောင်း တလျှောက် မှာလဲ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်၊ သျှမ်းပြည်တပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား နေ့စဉ်တိုက်ပွဲတွေဖြစ်နေလို့ ကျနော်တို့ဒေသခံ တထောင်ကျော်က စစ်ဘေးခိုလှုံနေရတယ်” – ဟု မိုင်းအောင်ကိုက ဆက်ပြောပါသည်။
အလားတူ ပလောင်အမျိုးသမီး အစည်း အရုံး PWO ကလည်း သျှမ်းပြည်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခ သည် ဒေသခံပလောင်လူမျိုးများ ကျန်းမာရေး ဆိုးရွားလျက်ရှိကြောင်း အစီရင်ခံစာတစောင်ထုတ်ပြန်၍ ယမန်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။
တအာင်းကျောင်းသား နှင့် လူငယ်များအစည်းအရုံး၏ အစီရင်ခံစာတွင် စာမျက်နှာ ၅၅ မျက်နှာပါရှိပြီး၊ တအာင်းခေါ် ပလောင်လူမျိုးတို့၏ သမိုင်းအကြောင်း၊ ပိုက်လိုင်းအကြောင်း၊ လူထုခံစားချက်တွေအပြင် အခြားဒေသန္တရဆိုင်ရာအကြောင်းအရာများလည်းထည့်တွင်းထားပါသည်။
နိုဝင်ဘာ ၇ ရက်နေ့ထုတ် တအာင်းကျောင်းသား နှင့် လူငယ်များအစည်းအရုံး၏ အစီရင်ခံစာအားအသေးစိတ် ကြည့်ရှုလိုပါက -
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3630-2012-11-07-10-59-06.html