“အများ အမြင် မှာတော့ ဒီလုပ်ငန်း စဉ်မှာ လက်မှတ် ထိုးပြီးရင် ဒီလုပ်ငန်းကြီး ပြီးဆုံး သွားသလို ထင်ရပေမယ့် နောက်ဆက်တွဲ အကောင် အထည် ဖော်ရမယ့် အစီအစဉ် (Implementation Plans) တွေ ရှိပါ သေးတယ်။ အဲဒီ အစီ အစဉ်တွေ အတိုင်းကို ဆက်လက် လုပ်ဆောင် သွားရ ပါဦးမယ်” ဟု Mr. Chris Rush မှ ပြောသည်။
၄င်းကိစ္စနှင့် စပ်လျဉ်း၍လည်း ပြီးခဲ့သည့် နိုဝင်ဘာလ (၅) ရက်နေ့၌ မွန်ပြည်သစ် ပါတီနှင့် Mr. Chris Rush တို့သည် ထိုင်းနိုင်ငံ၌ တွေ့ဆုံ ခဲ့ကြပြီး နောက်ဆက်တွဲ အကောင် အထည်ဖော် ဆောင်မည့် အစီအစဉ် များကို ဆွေးနွေး ခဲ့ကြသည်။
မွန်ပြည်သစ် ပါတီ ဘက်မှ ၄င်းတို့ Geneva Call နှင့် သဘောတူ လက်မှတ် ရေးထိုး ထားသည့် ကလေး စစ်သား အသုံး မပြုရေးနှင့် ပတ်သက်သည့် အကျယ်တဝင့် နည်းဥပဒေ များအားလည်း ပါတီ၏ ပါတီ ဖွဲ့စည်းပုံနှင့် စစ်တပ် ဖွဲ့စည်းပုံ တို့၌ ရေးဆွဲပြဌာန်း သွားနိုင်ရန် စီစဉ် နေသည်ဟု မွန်ပြည်သစ် ပါတီမှ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ ဗိုန်ခိုင်မှ ပြောသည်။
ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် မွန်ပြည်သစ် ပါတီ (NMSP) တို့သည် ကလေး စစ်သား အသုံး မပြုရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်သည့် Geneva Call နှင့် အချက် ၁၆ ချက်ပါ စာချွန်လွှာအား သြဂုတ်လ ၃ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြ ပါသည်။
မြန်မာ နိုင်ငံတွင်းမှ အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်း များထဲတွင် ကလေး စစ်သား အသုံး မပြုရေးနှင့် ပတ်သက်၍ Geneva Call နှင့် Deed of Commitment for the Protection of Children from the Effects of Armed Conflict တွင် လက်မှတ် ရေးထိုး ခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်း များထဲတွင် ပထမ ဦးဆုံး ဖြစ်သည်ဟုလည်း Geneva Call မှ ၂၀၁၂ သြဂုတ်လ ၆ ရက်နေ့ အတွင်း ထုတ်ပြန် ချက်၌ ဖော်ပြ ထားသည်။
နည်းဥပဒေများ ထည်းသွင်း ရေးဆွဲ ပြီးစီးခြင်းနှင့် အတည်ပြု နိုင်ခြင်းတို့မှာ ၂၀၁၅ မွန်ပြည်သစ် ပါတီ၏ ပါတီ ညီလာခံအမှီ ပြီးစီးနိုင်ဖွယ် ရှိကြောင်း နိုင်ဟံသာ ဗိုန်ခိုင်မှ ပြောသည်။
Geneva Call အဖွဲ့သည် ဆွစ်ဇာလန် တရားဥပဒေ အောက်တွင် တည်ထောင် ထားသည့် အစိုးရ မဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။ ရုံးချုပ်မှာ ဆွစ်ဇာလန် နိုင်ငံရှိ ဂျီနီဗာ မြို့၌ တည်ရှိ ပါသည်။
http://www.phophtaw.org/burmese/index.php/news/internation-news/2326-2012-11-07-10-21-37.html