October 2, 2012

ငြိမ်းချမ်းရေးလှုပ်ရှားသူတွေအပေါ် စွဲချက်တွေ ရုပ်သိမ်းဖို့ HRW တိုက်တွန်း

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အမှတ်တံဆိပ်။
မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ မကြာခင်က ငြိမ်းချမ်းရေးအတွက် ချီတက် ဆန္ဒပြသူတွေကို အရေးမယူသင့်ဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း လိုက်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ဆန္ဒပြ ပွဲတွေမှာ ပါဝင်ခဲ့သူ ၁၃ ဦးကို မြန်မာအစိုးရကနေ တရားစွဲဆိုထား တာကို ပြန်ရုပ်သိမ်းသင့်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်က ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှာ ငြိမ်းချမ်းစွာ ချီတက် တောင်းဆို ဆန္ဒပြပွဲမှာ ဦးဆောင် စီစဉ်ခဲ့သူနှစ်ဦးကို မြန်မာဒေသခံ အာဏာပိုင်တွေက တရားစွဲဆိုခဲ့တဲ့အပေါ် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြန်ရုပ်သိမ်းပေးဖို့ မနေ့က ကြေညာ ချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဒေးဗစ် မက်သီယိုဆန် - က ဒီတရားစွဲဆိုချက်ဟာ တရားမမျှတတဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ် လို့ ထောက်ပြလိုက်ပါတယ်။

“ဒီလို တရားစွဲမှုတွေဟာ တရားမျှတမှု တကယ့်ကို ရှိတယ်လို့ ကျနော်တို့ မထင်ပါဘူး။ ဒါကြောင့်မို့ ဒီစွဲဆိုချက်တွေကို ပြန်ပြီးတော့ ရုပ်သိမ်းပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲက ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်ခဲ့တာပါ။ အခုဖြစ်ရပ်က မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုဖို့ စိတ်ပိုင်းဖြတ်ထားခြင်း ရှိမရှိဆိုတာကို စမ်းသပ်လိုက်တာပါပဲ။”

မစ္စတာ မက်သီယာဆဲန်ကပဲ ဒီ ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ နောက်ထပ် ၁၁ ဦးဟာလည်း ထပ်မံ တရားစွဲ ခံရမယ့် အခြေအနေမှာ ရှိနေတယ်၊ အခုလို မြန်မာအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုလာချိန်မှာ အထူးသဖြင့် သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်အပြီးမှာ ဒီလို တရားစွဲဖို့ လုပ်တာ က ပြုပြင်ပြောင်းလဲရေးတွေအပေါ် သံသယဖြစ်စေနိုင်တယ်လို့ ဆက်ပြီး ထောက်ပြပြောဆိုသွားပါတယ်။

“အစိုးရအနေနဲ့က ပြုပြင်ပြောင်းလဲရေးတွေကို တကယ်တန်းသက်ဝင်ယုံကြည်မှုရှိတယ်ဆိုရင် အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုမျိုးကို ခွင့်ပြုပေးသင့်ပါတယ်။ တရားစွဲဆိုတာမျိုး မလုပ်သင့်ပါဘူး။”

တကယ်တော့ ပြီးခဲ့တဲ့နှစ်ပတ်၊ စက်တင်ဘာ ၂၀ ရက်နေ့က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ကချင် ငြိမ်း ချမ်းရေး ကွန်ယက် အဖွဲ့က ဂျော်ကွန်းနဲ့ မမြစံပယ်ဖြူတို့ကို ရန်ကုန်မြို့မှာရှိတဲ့ ဒဂုံမြို့နယ် တရားရုံးက ပြီးခဲ့တဲ့အပတ် စက်တင်ဘာ ၂၈ ရက်၊ သောကြာနေ့မှာ ခုံရုံးတင် စစ်ဆေးခဲ့ ပါတယ်။ နောက်တပတ် ရုံးချိန်းအတွက်တော့ ရှေ့တပတ် အောက်တိုဘာဆယ်ရက်၊ ဗုဒ္ဓဟူးနေ့ကို သတ်မှတ်ပေးလိုက်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒီဆန္ဒပြခဲ့တဲ့ အဖွဲ့အနေနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေအရ အခုလို ဆန္ဒပြဖို့ လိုအပ်တဲ့ အချက်အလက် အပြည့်အစုံနဲ့ ဆန္ဒပြဖို့ တင်ပြ တောင်းခံခဲ့ပေမဲ့ အစိုးရဘက်က ယာဉ်စည်းကမ်းချိုးဖောက်တာနဲ့ မတည်မငြိမ်ဖြစ်နိုင်တာတွေ ကို အကြောင်းပြပယ်ချခဲ့အပြီးမှာ အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့လည်း ဒီ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဆက်ပြောပါတယ်။

အခုလို တရားစွဲခံထားရသူတွေနဲ့ တရားစွဲခံရနိုင်ခြေရှိသူတွေရဲ့ နောက်ဆုံးအခြေအနေကို သိရဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဆက်လို့ မရခဲ့ပါဘူး။ Human Rights Watch အဖွဲ့ရဲ့သုတေသီ မက်သီယာ ဆဲန်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးဖို့ ဆက်တောင်းဆို သွားမယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ သူတို့ရဲ့အစိုးရတွေနဲ့ အာဏာပိုင်တွေကို ဒီကိစ္စ ဆွေးနွေးရှင်းပြပြီး ဥပဒေတွေကို မျှတအောင်လုပ်ဖို့နဲ့ လွတ်လပ်စွာ စုရုုံးခွင့်ကို အခြေခံ လူ့အခွင့်အရေးအဖြစ် သတ်မှတ်ကျင့်သုံးနိုင်ဖို့ မြန်မာ အစိုးရကို တောင်းဆိုပေးရေး တိုက်တွန်း သွားမှာပါ။”

တကယ်တော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတာ အပါအဝင် ပြုပြင်ပြောင်းလဲရေးတွေကို စတင်ဆောင်ရွက်လာချိန်မှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံအစိုးရတွေက မြန်မာအစိုးရရဲ့ ပြုပြင် ဆောင်ရွက်မှု တွေကို တစုံတရာ အသိအမှတ်ပြုပြီး ဖိအားပေး ပိတ်ဆို့တာတွေကို တဖြည်းဖြည်း လျှော့ချကာ လူ့အခွင့်အရေး အခြေအနေတွေ ဆက်တိုးတက်လာဖို့အတွက် အပြုသဘော ဆက်ဆံ စွဲဆောင်လာချိန်မှာ ဒီ လူ့အခွင့်အရေးပြဿနာ ကြံုလာရတာ ဖြစ်ပါတယ်ခင်ဗျား။ 
 
http://burmese.voanews.com/content/hrw-urges-burma-government-to-withdraw-charges-on-activits/1518817.html

October 1, 2012

မြို့တော်ဟားခါးတွင် CNF က လူထုတွေ့ဆုံဆွေးနွေးရေး Organizing Committee ဖွဲ့စည်း


စက်တင်ဘာ ၂၁ ရက်နေ့က ဟားခါးမြို့တွင် CNF က လူထုတွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ Organizing Committee ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
အဆိုပါ ကော်မီတီ ဖွဲ့စည်းနိုင်ရေးအတွက် CNF မှ အဓိပတိကောင်စီဝင် Pu H.C Ralhnin နှင့် အတူ နိုင်ငံရေးပါတီမှ USDP, CNP, NLD, လူမှု အသင်းအဖွဲ့များဖြစ်ကြသည့် Shalom Foundation, Hakha Youth Organization, Rual U, Chin Peace and Tranquility Committee , Media မှ ကိုယ်စားလှယ် စုစုပေါင်း ၄၀ ခန့် ပါ၀င်ပြီး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
Pu HC Ralhnin မှ “  ပြည်ထောင်စုအစိုးရနှင့် စီအဲန်အက်ဖ် အကြား ငြိမ်းချမ်းရေး အကောင် အထည်ဖော်ဆောင်မှုမှာ လူထု ရဲ့ သဘောထားဆန္ဒနဲ့ အညီ တသံတည်းထွက်နိုင်ရေး၊ ပြည်သူလို ချင်တဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ လူထုနဲ့ တွေ့ဆုံ ဆွေး နွေးနိုင်ရေးအတွက် ဒီ ကော်မီတီ ကို ဖွဲ့စည်းရခြင်းဖြစ်တယ်” ဟု ပြောသည်။
အဆိုပါကော်မီတီကို အဖွဲ့အစည်းအသီးသီးမှ ၁၂ ကော်မီတီဖြင့် ဖွဲ့စည်းခဲ့ကြပြီး Coordinator အဖြစ် Salai VanChanCeu ( shalom Foundation ), Assistant Coordinator အဖြစ် Pu Chan Hrem ( HCVG) တို့အား ရွေးချယ် လိုက်ကြသည်ဟု သတင်းရရှိသည်။
USDP မှ ကော်မီတီဝင်တဦးကို ၄င်းတို့အတွင်း ဆွေးနွေးပြီးမှ တရားဝင် ပေးပို့မည်ဖြစ်ကြောင်း ၊ NLD ကိုယ်စား လှယ်ကို လည်း မစေလွှတ်နိုင်သေးကြောင်း ဆက်ဆိုသည်။
စီအဲန်အက်ဖ် ဆက်ဆံရေးရုံးစိုက်ရာ မတူပီ နှင့် ထန်တလန်မြို့များတွင်လည်း လူထုတွေ့ ဆုံဆွေးနွေးရေး Organizing Committee ကို ဖွဲ့စည်းခဲ့ကြပြီဖြစ်ကြောင့် မကြာခင်တွင် ဖလမ်း၊ မင်းတပ် နှင့် အခြားမြို့များတွင် ဆက်လက်ဖွဲ့စည်း သွားကြလိမ့်မည်ဟု လည်း ပြောကြသည်။
CNF သည် အောက်တိုဘာ နောက်ဆုံးပတ်မှ စပြီး ချင်းပြည်သူများရှိရာ အသီးသီးသို့ လူထုတွေ့ ဆုံဆွေးနွေးပွဲကို ပြုလုပ်ကြမည် ဟု လည်း ထပ်မံ သိရသည်။

http://khonumthungburmese.org/?p=649

ဒုက္ခသည် ပြန်လည် နေရာချ ထားရေး အဆင်သင့် ဖြစ်နိုင်ဖို့

ဖက်၊ ၀ါးလေးတွေနဲ့ တဲအိမ်လေးတွေထိုးပြီး ကရင်နီ ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ သူတွေဟာ ကရင်နီပြည်နယ် ရှားတောမြို့နယ် ဘက်တွေမှာ ပြန်လည်ပြီးတော့ နေထိုင်ကြတာပါ။
တရွာမှာ ၁၀ အိမ်ထောင်လောက်ရှိပြီး အခုဆိုရင် စုစည်းရွာ ဆယ်ရွာလောက် ရှိနေပါပြီလို့ မျက်မြင်တွေ့ခဲ့တဲ့ ရှားတောမြို့နယ် ဒေသခံ တယောက်က ပြောပါတယ်။
ဒီလိုပြန်လာ နေထိုင်ကြသူတွေထဲမှာ မှတ်ပုံတင် မရှိကြတဲ့သူတွေက လူဝင်မှု ကြီးကြပ်ရေးရုံးနဲ့ မှတ်ပုံတင်ရေး ဦးစီးဌာန နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လူဦးရေစာရင်းလာရောက် ပေးပို့ထားကြတယ်လို့ ရှားတောမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတယောက်က ပြောပါတယ်။
“ပြည်နယ်ဝန်ကြီးချုပ် ဆီကနေ ခွင့်ပြုမိန့် ရပြီဆိုရင်ကျနော်တို့က ပြန်လာတဲ့ ဒုက္ခသည်တွေအတွက် အိမ်ထောင်စုစာရင်းတွေ မှတ်ပုံတင်တွေကို စတင်ပြီးလုပ်ပေးမှာပါ။ အထက်က ညွန်ကြားချက်လာမှ လုပ်ပေးရမှာဖြစ်တယ်။ မလုပ်ပေးနိုင်တာတော့မဟုတ်ဘူး။ ခွင့်ပြုမိန့်ကို စောင့်နေရတာပါ”

ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်း၌ မြင်တွေ့ရသော ပြည်သူလူထုများ (ဓါတ်ပုံ-ကေတီ)
နယ်စပ်ဒုက္ခသည် စခန်းကနေ ပြန်လာနေ ထိုင်ကြတဲ့ သူတွေဟာ လူဦးရေအားဖြင့် ၅၈ ယောက် လောက်ရှိပြီး အိမ်ထောင်စု အနေနဲ့ဆိုရင် ၂၄ စုရှိပါတယ်။ သူတို့ဟာ ရှားတောမြို့နယ် ဒေါခအောရွာ၊ ဒေါစေးရှာ၊ ဒေါတမရွာ စတဲ့ ရွာတွေမှာ ပြန်လည်ပြီး နေထိုင် ကြတာပါ။ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေရ မြန်မာ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP တို့ဟာ အခုနှစ်အတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး တဲ့နောက်ပိုင်း နေရပ် ရင်းကို ပြန်လည်ပြီး နေထိုင် ကြတာပါ။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ အမြင်သဘောထားအရ ကရင်နီဒုက္ခသည် စခန်းသူ၊ သားတွေအနေနဲ့ အာမခံချက် တစုံတရာမရှိသေးဘူး ဆိုရင် ပြန်ဖို့ မသင့်သေးဘူး၊ လူထုတွေကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေတဲ့ တပ်တွေ ပြန်ရုပ်သိမ်းပေးဖို့ လိုအပ်သေးတယ်လို့ ပြည်ထဲရေးဝန်ကြီး ခူဖဲဘူးက ပြောပါတယ်။
“နောက်ပြီးတော့ ဒီမြေမြုပ်မိုင်းတွေဘာတွေ ဖြုတ်ပေးရမယ် အဲဒီကိစ္စတွေ နောက်ရှင်းလင်းပြီ ဆိုတာလည်း အားလုံး တရားဝင်ကြေညာရမှာကို တကယ်တမ်း ဒီနှစ်ဦး နှစ်ဖက်ကပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ပါပြီ ဆိုတဲ့ဟာ တရားဝင်ကြေညာပြီး မှသာလျှင် နောက်ပြီတော့မှ နေရာက ဘယ်နေရာဖြစ်သင့်သလဲ အားလုံး လုံခြုံမှုအတွက် ဖြစ်သင့်သလဲ နောက်ပြီးတော့ နေရာထိုင်ခင်းက ဘယ်လိုအခြေအနေမှာ ရှိသလဲ။ ဆိုတဲ့ဟာ အားလုံးကျတော်တို့ နှစ်ဦးနှစ်ဖက်က သဘောတူမှသာလျှင် လူထုတွေအတွက် အားလုံးက ဘာမှ နောက်ထပ် ပြဿနာ မရှိတော့တဲ့အချိန် မျိုးမှသာလျှင် ဒါကတော့ မပြန်ချင်လည်း ပြန်ကြရတော့မှာပဲ အဲဒီအချိန်မျိုးမှ ပြန်သင့် တာပေါ့။”
ကရင်နီအမျိုးသား တိုးတက်ရေးပါတီက အစိုးရကို တောင်းဆိုထားတဲ့ အချက် ၂၀ ထဲက လူထုရဲ့ သွားလာရေး သော်လည်းကောင်း၊ လုပ်ကိုင်စားသောက်ဖို့ သော်လည်းကောင်း ၀န်ထုတ်ဝန်ပိုးဖြစ်စေတဲ့ ရှေ့တန်းတပ်တွေ၊ ၁၉၉၂-၉၅ ခုနှစ်ကတည်းက ဒေသခံတပ်မဟုတ်တဲ့ တိုးချဲ့ထားတဲ့ စစ်ဆင်ရေးတပ်တွေကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပေမယ့် ဘာမှ အဖြေမရသေးဘူး။
အခုလက်ရှိ ကေအဲန်ပီပီနဲ့ အစိုးရတို့ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ သဘောတူညီချက် အခြေအနေပေါ်မှာ ကြည့်မယ်ဆိုရင် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးက အနည်းဆုံး ၅ နှစ်လောက် ကြာနိုင်တယ်လို့ ခူဖဲဘူးက ဆက်လက်ပြောကြား သွားပါတယ်။
“သူတို့က ဒီတောင်းဆိုမှုတွေကို ခပ်မြန်မြန် ဖြေရှင်းပေးမယ်။ ခပ်မြန်မြန်လေး သူတို့သဘောတူညီမှု ရလာမယ် ဆိုရင်တော့ ဒါခပ်မြန်မြန်ဖြစ်သွားတာပေါ့။ ဒါပေမယ့် လုံးဝနှစ်ဦးနှစ်ဖက်က တင်းနေကြမယ်ဆိုတော့ ဒီဒုက္ခသည် ပြန်ဖို့အရေးဆိုတာ ဘယ်လိုမှစဉ်းစားလို့မရသေးဘူး။”
ဒီလ ၂၀ရက်နေ့နဲ့ ၂၁ ရက်နေ့မှာ ကရင်နီဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့ NGOs အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ UN၊ TBBC၊ COERR စတဲ့အဖွဲ့တွေက ကရင်နီဒုက္ခသည် စခန်းကော်မီတီ KnRC အဖွဲ့အပြင် တခြား CBOs အဖွဲ့တွေနဲ့ တွေ့ဆုံကြပြီး ဆွေးနွေးပွဲ တရပ် ပြုလုပ်ကြ တယ်လို့ KnRC ဥက္ကဌ ဆရာမန်းစောက ပြောပါတယ်။
“အချိန်မတန်သေးဘူးလို့ ပြောရမှာပေါ့။ UN ကလည်း အဲလို သဘောထားမျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ပြန်မယ်ဆိုရင် UN ရဲ့ principle အရက မိမိဆန္ဒသဘောထားအရ ပြန်ရမယ်။ နောက်တခုက ဂုဏ်သိက္ခာရှိစွာနဲ့ လုံခြံုမှုရှိရမယ်။ နောက် နိုင်ငံတကာရဲ့ ထောက်ပံ့မှု အဲဒီအချက် ၃ ချက်က အဓိကပဲ။ အဲဒါကြောင့် ကျတော်တို့လုပ်တာက ကြိုတင်ပြင်ဆင်မှုပဲ။ ကျတော်တို့ပြန်မယ် ဆိုတဲ့ဟာ မဟုတ်သေးဘူး”
အကယ်၍ လက်ရှိ နိုင်ငံရေး အခြေအနေက အေးချမ်းပြီ၊ ကရင်နီပြည်တွင်းမှာ ပြန်နိုင်တဲ့ အခြေအနေရှိပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ဘာတွေပြင်ဆင်မှုတွေ လုပ်ထားမယ်ဆိုတာ အဓိကဆွေးနွေး သွားကြတယ်။  
နှစ်ပေါင်း ၂၀ ကျော်ကြာ ဒုက္ခသည်စခန်းမှာ အခြေချ နေထိုင်ကြတဲ့အတွက် ဒုက္ခသည်တွေရဲ့ နေရာဟောင်းက လယ်ယာမြေတွေဟာ ရှိချင်မှရှိမယ်။ မြေလွတ် မြေရိုင်းတွေ၊ ဒါမှမဟုတ် တခြားသူတွေက အစားထိုး နေရာယူ သွားတာတွေ ရှိနိုင်တယ်။ တကယ်လို့ အဲဒီနေရာတွေကို ပြန်လည်ပြီးနေနိုင်ဖို့က နေရာသစ်တနေရာလို ပြန်လည်ပြုစု ပေးရမယ်။ အဲဒီအပြင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အနေအထိုင် အစားအသောက် စတဲ့ ပြဿနာတွေ ကြံုတွေ့နိုင်တယ်လို့ ဆရာမန်းစောက အခုလိုပြောသွားပါတယ်။
“ဒီမှာလုပ်တဲ့ ပညာရေးက ဟိုမှာလုပ်တဲ့ ပညာရေးနဲ့ အဆက်အစပ်ရှိချင်မှရှိမယ်။ သူတို့ကလည်း ကျတော်တို့ရဲ့ ပညာရေးကို အသိအမှတ်ပြုချင်မှပြုမယ်။ ကျန်းမာရေးလည်း ထိုနည်း၎င်းပေါ့။ ဒါကြောင့်မို့လို့ ကျတော်တို့ မပြန်ခင်မှာ ဒါတွေကို ကျတော်တို့ ဘယ်လိုဆက်စပ်ထားရမလဲ။ ပြည်တွင်းနဲ့ ဒုက္ခသည်စခန်းနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ ကျတော်တို့ ဘယ်လိုဆက်စပ် ထားရမလဲဆိုတာ ကျတော်တို့ ဝေါ့ရှော့တွေ လုပ်တာ အဲဒါပဲ”
ကျန်းမာရေးဆိုရင် ကျန်းမာရေး၊ ပညာရေးဆိုရင် ပညာရေး စတဲ့ သက်ဆိုင်ရာ ဌာနအလိုက် ဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးရမယ်။ NGOs အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်ကြမှာ ဖြစ်တယ်။
ဒုက္ခသည်တွေအနေနဲ့ ကရင်နီပြည်တွင်းမှာ ပြန်လည်အခြေချနေထိုင်ရမယ်ဆိုရင် သူတို့ရဲ့တောင်းဆိုချက်က ကိုယ်နေထိုင်ချင်တဲ့ မြေနေရာကို တောင်းယူကြမယ်။ နေရာတခုရခဲ့မယ် ဆိုရင်လည်း ပြင်ဆင်ပြီးသား ဖြစ်ရမယ်။
အိမ်ထောင်စုပေါင်း ၁ ထောင်ဆိုရင် အိမ်ထောင်စုပေါင်း ၁ ထောင်ဝင်ဆန့်တဲ့ နေရာတွေ၊ မြေကွက်တွေ ချထားပြီးသား ဖြစ်ရမယ်လို့ ကရင်နီဒုက္ခသည် စခန်းကော်မီတီ ဆရာမန်းစောက ပြောသွားပါတယ်။

http://www.ktimes.org/index.php/news/336-2012-10-01-07-54-46

ကချင်နှင့်သျှမ်းပြည် စီးပွားရေးလုပ်ငန်ရှင်များ မျက်စိကျစရာ နေရာဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်ပြော

၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး ကွန်မြူနတီ (ASEAN Economic Community- AEC) ဖြစ်လာ ပါက ကချင်နှင့်သျှမ်းပြည်သည် အင်အားကြီးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျစရာ နေရာ ဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်များက ပြောဆိုပါသည်။
dulyaphak
Dulyaphak Preecharach (Photo:SHAN)

“ကချင်နဲ့သျှမ်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတွေ အများကြီး ရှိနေတုန်း။ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ ရေအားလည်း အလုံအလောက်ရှိတယ်။ အရင်က လောနိုင်ငံဟာ အာရှရဲ့ ဘက်ထရီအိုးလို့ တင်စားကြပေမဲ့ အခု လျှပ်စစ်တွေ သိပ်မထုတ်နိုင်တော့ ကချင်နဲ့သျှမ်းပြည်ဘက်ကို ရွှေ့လာနိုင်တယ်။ ဒီနယ်မြေဟာလည်း တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်စတဲ့ အင်အားကြီးနိုင်ငံတွေ ပြိုင်ဆိုင်လုယူချင် တဲ့ နယ်မြေလည်း ဖြစ်တယ်” ဟု ထိုင်းပညာရှင် Dulyaphak Preecharach က ပြောပါသည်။

ASEAN Economic Community: Opportunities and Challenges ခေါင်းစဉ်ဖြင့် ဟောပြောပွဲ တရပ်ကို စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Holiday Garden Hotel ၌ ဘန်ကောက်မှ သျှမ်းသံဃာတော်နှင့် သျှမ်းတက္ကသိုလ်ကျောင်းသားများအဖွဲ့က ဦးစီးကျင်းပရာ ရဟန်းသံဃာတော် အပါအဝင် ပရိသတ် စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့သည်။
chayan
Dr. Chayan Vatanabhuti (Photo:SHAN)

“ဒီလိုပြိုင်ဆိုင်လူယုမှုတွေ ရှိနိုင်တဲ့အတွက်ကြောင့် AEC ကို သေသေချာချာ မလုပ်တတ်ရင်တော့ စစ်ပွဲတွေ ဖြစ်လာနိုင်တယ်” ဟု ချင်းမိုင်တက္ကသိုလ်မှ Dr. Chayan Vatanabhuti ကလည်း ပြောပါ သည်။

AEC ထူထောင်ပါက နယ်နိမိတ် ပြဿနာ၊ လူမျိုးရေးဝါဒ ပြဿနာ၊ ဘာသာစကား ပြဿနာရှိနိုင် ကြောင်း၊ ထို့ကြောင့် One vision ဖြစ်လာနိုင်သော်လည်း One identity, One community ဖြစ် လာရန် ခက်ခဲကြောင်း ဆို၏။
somrit
Somrit Luechai (Photo:SHAN)

AEC ထူထောင်လိုပါက ချစ် - မိမိလူမျိုးကို ချစ်ခြင်း၊ မုန်း - အခြားလူမျိုးကို မုန်းခြင်း၊ ကြောက် - အခြား လူမျိုးက မိမိလူမျိုးအပေါ် အနိုင်ယူမည်ကို ကြောက်ခြင်း၊ မသိ - အခြားလူမျိုး၊ အခြားတိုင်းပြည် အကြောင်းကို မလေ့လာခြင်း ဆိုသည့် အဂတိတရား ၄ မျိုးကို ကျော်လွန်ရမည်ဖြစ်ကြောင်း၊ ဤအဂတိ များ ရှိနေသရွေ့ EU ကဲ့သို့ ဖြစ်လာရန် ခက်ခဲကြောင်း Somrit Luechai က ပြောပါသည်။

AEC ဖြစ်လာပါက ခရီးသွား လည်ပတ်မှု များလာခြင်း၊ စီးပွားရေး ကုန်သွယ်မှု ကောင်းမွန်လာခြင်း၊ တင်းမာနေသည့် နယ်နိမိတ်ပြဿနာများ လျှော့ကျလာနိုင်ခြင်း၊ လူတစ်ယောက်တည်း ၃-၄ နိုင်ငံသား ဖြစ်နိုင်ခြင်း၊ မိမိရိုးရာယဉ်ကျေးမှုများကို တိုင်းတပါးအား ပြသနိုင်ခြင်းစသည့် အခွင့်အရေးများ ရှိလာ နိုင်ကြောင်း ဆိုပါသည်။

“အဆိုးဘက်က ကြည့်ရင်တော့ AEC ဖြစ်လာရင် လယ်ယာမြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေက အဓမ္မ ဝယ်ယူတာတွေ များလာမယ်။ ပြည်သူတွေလည်း လုပ်စားဖို့ မြေမရှိတော့ တိုင်းတပါးကို ထွက် ပြေးမယ်။ ဒါကြောင့် လူကုန်ကူးမှုလည်း များလာမယ်။ တိုင်းပြည်မဲ့လူတွေလည်း များလာမယ်။ ချမ်းသာတဲ့လူနဲ့ ဆင်းရဲတဲ့လူတွေကြာ မှာ ပြဿနာတွေ ဖြစ်လာမယ်။ စီးပွားရေးတွေလုပ်တော့ သဘာ၀ ပတ်ဝန်းကျင်လည်း ပျက်စီးမယ်။ ဓာတုပစ္စည်းတွေကြောင့် မြေဆီလွှာတွေလည်း ပျက်စီးမယ်” ဟု Dr. Chayan Vatanabhuti က ပြောပါသည်။
Seminor_View
ပြည်သူကို AEC ၏ ကောင်းကျိုးစံစားစေချင်ပါက အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက ပြည်သူနှင့် ဆွေးနွေးလုပ်ဆောင်သင့်ကြောင်း၊ ပညာရေး၌လည်း ရည်မှန်းထားသည့် အခြေအနေနှင့် ကိုက်ညီသော ပညာရေးစနစ် ဖြစ်ရမည်ဖြစ်ကြောင်း၊ ကျောင်းသူကျောင်းသားများသာမက ရဟန်း၊ ပြည်သူကိုလည်း AEC အကြောင်း ပညာပေး ဟောပြောသင့်ကြောင်း ဆိုပါသည်။

ASEAN Economic Community: Opportunities and Challenges Seminar ကို ပညာရှင်များ ဖြစ်ကြသော Dr. Chayan Vatanabhuti, Somrit Leuchai, Dr. Kitti Bhodhikitti, Dr. Thani Thitaviriyo, Dulyaphak Pricharach နှင့် We Women Foundation မှ မခင်ငြိမ်းစံတို့က တက်ရောက်ဟောပြောခဲ့ပါသည်

http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3536-2012-10-01-09-10-08.html

ဖာပွန်မြို့နယ်၊ ကတိုင်တိတွင် BGF အတွက် အဆောက်အဦးများ အမြန်တည်ဆောက်နေ

စက်တင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိရွာနံဘေး၌ ကရင်နယ်ခြားစောင့်တပ်-BGF အခြေစိုက်ရာနေရာဟုဆိုကာ မြန်မာအစိုးရ မှ မြေယာရှင်းလင်းမှုနှင့် အဆောက်အဦးများ တည်ဆောက်လျှက်ရှိရာ ယခုအချိန်တွင် တိုက်တာအဆောက်အအုံ ၄၀ ၀န်းကျင် တည်ဆောက်ပြီးစီးနေပြီးဖြစ်ကြောင်း ဒေသခံများက ပြော ဆိုနေကြသည်။
မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက်ပိုင်း ဇွန်လ မှစ၍ မြန်မာအစိုးရဘက်မှ BGF နှင့် မိသားစုအတွက် ယင်းနယ်မြေရှိ မြေယာဧကများကို ဘူဒိုဇာကားဖြင့်ရှင်းလင်း၍ အဆောက် အဦ တည်ဆောက်ရန် စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
အမည်အဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက “တည်ဆောက်တဲ့ အဆောက်အဦးတွေက တစ်ထပ်ရှိတယ်။ နှစ်ထပ်ရှိတယ်။ တည်ဆောက်ပြီးစီးတဲ့ တချို့နေရာကျတော့ သူတို့ အရပ်သားတွေကို ၀င်ခွင့်မပေးဘူး။ သူတို့ အပြင်းအထန်ကို လုပ်ဆောင်နေ တာ တွေ့ရတယ်။ နောက် ဒီဂွင်မှာရှိတဲ့ ဒေသခံတွေကိုလည်း တနေ့ ၂,၅၀၀ကနေ ၃,၀၀၀ကျပ်အထိပေးပြီး နေ့စားနဲ့ ငှားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ ယင်းမြေယာများကို ပိုင်ဆိုင်သည့် ဒေသခံများက ရှင်းလင်းခံရသည့် ၎င်းနယ်မြေများအတွက် လျှော်ကြေးမည်မျှ ရရှိမည်ကို မသိရှိရသေးသလို လတ်တလော အခြေအနေအရ အဆောက်အဦးများ တည်ဆောက်ရာတွင် သဲ၊ ဘိလပ်မြေနှင့် ကျောက်များ သယ်ယူပို့ဆောင်နေသည့် ကားများမှာ အစီး ၃၀ကျော်ရှိသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ထို့အပြင် ကတိုင်တိကျေး နယ်အုပ်စုအတွင်းရှိ လူထုများအား သတင်းမီဒီယာများနှင့် မဆက်သွယ်ရန် ကတိုင်တိအခြေစိုက် မြန် မာအစိုးရတပ်စခန်း တပ်မ(၄၄)၊ နည်းဗျူဟာ(၄၄၂)ဗျူဟာမှူး တင်ထွန်းက ၎င်း၏ လက်အောက်ခံတပ်ဖြစ်သည့် မြန်မာစစ်တပ် ခမရ(၁၀၂)နှင့် နယ်ခြားစောင့်တပ်-BGF တို့ကို သြဂုတ်လ၌ ညွှန်ကြားပြောဆိုထားသည်ဟု နယ်စပ်သတင်းအရ သိရသည်။
ရွာခံအမျိုးသမီးတစ်ဦးက “အဲလို သတိပေးခံရတော့ ကျမတို့ကြောက်ပေမယ့် မပြောလို့လည်း မဖြစ်ဘူး။ သူတို့ (မြန်မာအစိုးရ တပ်)က BGF နေရာအတွက်ဆိုပြီး ကတိုင်တိရွာနံဘေးမှာ တိုက်တာ အဆောက်အဦတွေ လာဆောက်တာ အများကြီးပဲ။ ရှေ့ ဆက် ဘာဖြစ်လာမလဲဆိုတာတော့ မသိဘူး။”ဟု ပြောဆိုသည်။
မြန်မာအစိုးရတပ်သည် ကတိုင်တိကျေးရွာအုပ်စုတွင် ကတိုင်တိ(ကတဲတေ့)ရွာ အပါအဝင် တောသူးကလား၊ ခေါ၀ါးထာ့၊ နို့ဖော ထီး၊ ဘောကြို့လယ်၊ ကလားကိုး၊ ကဲဒေါ၊ ဘောကြို့ထာ့ စသည့်ကျေးရွာများကို သတိပေးခဲ့ခြင်း ဖြစ်သည်။
ယခုလ ပထမပတ်က အစိုးရနှင့် ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ၏ တတိယအကြိမ် ဆွေးနွေးပွဲတွင် တပ်နေရာချ ထားရေးကိစ္စနှင့် ပတ်သက်၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်းက နယ်ခြားစောင့်တပ်များကို ဖွဲ့ စည်းထားသည်မှာ ၂နှစ်ရှိပြီဖြစ်သော်လည်း နေရာအတည်တကျ မရှိသေးသည့်အပေါ် ယခုလို တပ်စခန်းနေရာများ သတ်မှတ် ခဲ့ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့သည်။

http://www.kicnews.org/?p=13525

စစ်ဦးစီးချုပ်နှင့် သဘောထား ကွဲလွဲမှု မဟုတ်ကြောင်း KNU ပြော

စံခလပူရီ (မဇ္စျိမ)။   ။ ကရင်ပြည်နယ်၊ ဘားအံမြို့၌ စက်တင်ဘာလ ၂၉ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံးအား KNU နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဗဟို
စစ်ဌာနချုပ်အား အသိမပေးဘဲ စစ်ဦးစီးချုပ်က သွားရောက်ဖွင့်လှစ်ခဲ့ခြင်းသည် အဖွဲ့တွင်း သဘောထားကွဲလွဲမှု မဟုတ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး က ပြောသည်။

“အဲဒီကိစ္စက KNU နဲ့ KNLA စစ်ဦးစီးချုပ် သဘောထားနှစ်ခု ကွဲတာတော့ မဟုတ်ဘူး။ ဖြစ်တာကတော့ စစ်ဦးစီး
ချုပ်က ဘားအံမှာ ဗဟို ဆက်သွယ်ရေးရုံး သွားဖွင့်တာကတော့ ဗဟိုဌာနချုပ်က မသိတာကိုပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ စုပေါင်းခေါင်းဆောင်မှု ပုံစံ ဆိုရင် အဲဒါ မဖြစ်သင့်ဘူး။ အဲဒါကိုတော့ ဘယ်လိုလုပ်ရမယ်
ဆိုတာ အဖွဲ့အစည်းမှာ ပြန်လည်ဆွေးနွေးပြီး အဖွဲ့အစည်း ဆုံးဖြတ်ချက်အတိုင်း ကိုင်တွယ် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု နော်စီဖိုးရာစိန် က မဇ္စျိမကို ပြောသည်။

အငြင်းပွားဖွယ်ရာ ထို ဆက်သွယ်ရေးရုံးအား ဘားအံမြို့ အမှတ် (၄) ရပ်ကွက်၌ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နှင့် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့က ဦးဆောင်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍ KNU ဗဟိုဌာနချုပ်၏ သဘောထား ကြေညာချက် တစောင်ကိုလည်း မူတူးစေးဖိုးနှင့် ဦးအောင်မင်းတို့ ဘားအံ၌ တွေ့ဆုံခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည် ခရိုင်၊ တပ်မဟာ အချို့မှ ခေါင်းဆောင် အချို့ကို ခေါ်ဆောင်ပြီး အဖွဲ့ဝင် ၃၁ ဦးဖြင့်
မြန်မာအစိုးရနှင့် တွေ့ဆုံရန် ဖားအံသို့ ထွက်ခွာသွားပြီး ဗဟိုအဆင့် ဆက်သွယ်ရေး ရုံးအား ၂၉ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ထုတ်ပြန် ကြေညာချက်၌ ဖော်ပြပါရှိသည်။

စစ်ဦးချုပ်၏ လုပ်ဟန်သည် ပါတီမှ သဘောတူ ချမှတ်ထားသည့် ဆုံးဖြတ်ချက်အား ချိုးဖောက်ရာ ရောက်သည်ဟု အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် က ဆိုသည်။

“KNU နဲ့ အစိုးရတို့ နောက်တခေါက် တွေ့ပြီးရင် ဗဟိုအဆင့် ဆက်သွယ်ရေးရုံး ဖွင့်ဖို့ သဘောထားတော့ ရှိတယ်။ အခုလို စောပြီး ဖွင့်လိုက်တဲ့အတွက် ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို ကျော်လွန် လုပ်ဆောင်သလို ဖြစ်နေတယ်လေ။
နောက်တခုက သတင်းတွေမှာ ထွက်နေသလို ဆက်ဆံရေးကို KNLA နဲ့ KNU ခွဲပြီး ဖွင့်တာ မရှိဘူး” ဟု ပြော
သည်။

အစိုးရ အနေနှင့် စောစီးစွာ ဖွင့်စေလိုပြီး ဆက်သွယ်ရေးများနှင့် နောက် လုပ်စရာရှိသည် တို့ကိုလည်း
မြန်မြန်ဆန်ဆန် လုပ်နိုင်ပါလိမ့်မည်ဟု အဆိုပါ ရုံးဖွင့်ပွဲတွင် ဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်။

ဤကိစ္စကြောင့် အဖွဲ့တွင်း ညီညွတ်ရေးကို မထိခိုက်စေလိုကြောင်း KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ၊ ဗဟိုကော်မီတီဝင် ဗဒို အောင်မော်အေး က ပြောသည်။

“ဗဟိုဆက်သွယ်ရေးရုံး သွားဖွင့်တော့ အဖွဲ့အစည်းကြား ကောင်းကောင်း ပြန်မညှိ နိုင်ရင်တော့ အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တာပေါ့။ ရည်မှန်းချက် တူပေမယ့် ချဉ်းကပ်ပုံ မတူလို့ ဖြစ်သွားတဲ့ အနေအထားတော့ ရှိတယ်။ အခု ပြဿနာက ခရိုင်တပ်မဟာ ပြဿနာ မဟုတ်ဘူး။ ဗဟို အလုပ်မှုဆောင်
ကော်မတီရဲ့ ပြဿနာပဲ။ အရေးယူဖို့ကတော့ ကျနော်တို့ မတောင်း ဆိုပါဘူး။ ဒီလို ဖြစ်သွားတဲ့ အပေါ်မှာ တယောက်နဲ့ တယောက် ပြန်လည်ညှိနှိုင်းကြဖို့ ဗဟိုကော်မီတီကို တောင်းဆိုချင်တယ်” ဟု မဇ္စျိမကို ပြောသည်။

သို့သော်လည်း စစ်ဦးစီးချုပ်၏ ယခုလုပ်ရပ်သည် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည့် သက်ရောက်မှုမျိုး ရှိလိမ့်မည် မဟုတ်ဟု KNU မှ သုံးသပ်ထားကြောင်း နော်စီ ဖိုးရာစိန် က ဆိုသည်။

စနေနေ့က ပြုလုပ်သည့် ၎င်း ရုံးဖွင့်ပွဲသို့ အစိုးရမှဘက်မှ ပြည်ထောင်စု သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ မြန်မာ EGRESS မှ ဦးတင်မောင်သန်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော် ကော်မရှင် ဥက္ကဋ္ဌ
စောအောင်ကျော်မင်း အပါအဝင် ဌာနဆိုင်ရာ အရာရှိများ တက်ရောက်ခဲ့ကြသည်။

ထို့အတူ KNU ဘက်မှ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ အတွင်းရေးမှူး (၂) ပဒိုဒေးဗစ်ထော၊ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ မော်လမြိုင် (ဒူးပလာယာ) ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း အပါအဝင် KNLA တပ်ဖက် အရာရှိအချို့နှင့် ပရိသတ် ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ယခင်ကလည်း အတွင်းရေးမှူး (၂) ဗဒို ဒေးဗစ်ထော၏ မီဒီယာ အင်တာဗျူး တခု၌ အဖွဲ့အစည်း ဂုဏ်သိက္ခာအား ထိခိုက်ကျဆင်းစေခြင်းနှင့် သတင်း အချက်အလက် အချို့ လွဲမှားဖြေကြားခဲ့သည့်အတွက် ၎င်းအား KNU ဗဟိုမှ
ခေါ်ယူ၍ သတိပေးခဲ့မှုမျိုး ရှိခဲ့ဖူးသည်။

http://www.mizzimaburmese.com/news/inside-burma/10185-----knu-.html

ကချင်ကျောင်းသူ သေဆုံးမှု စုံစမ်းပေးရန် လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက် အုပ်စု(၁) ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်းအိန် အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်းစစ်ဆေး အရေးယူပေး ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ ဖခင်ဖြစ်သူက တနင်္လာနေ့တွင် တိုင်ကြားလိုက်သည်။

စက်တင်ဘာလ ၁၃ ရက်နေ့က မဂျာဆိုင်းအိန် ကျောင်းမှ အပြန်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များအချင်းချင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု စွပ်စွဲထားပြီး ကော်မရှင်မှ စုံစမ်းစစ်ဆေးပေးရန် သေဆုံးသူ ၏ ဖခင် ဦးဘရန်ရှောင် က တင်ပြလိုက်ခြင်း ဖြစ်သည်။

“တိုက်ပွဲ ဖြစ်ပွားချိန်မှာ ကျနော့်သမီးကို အစိုးရတပ်တွေက ပြည်သူတွေကို ကာကွယ်မယ့်အစား ရန်သူလို ပစ်ခတ်ခဲ့ တာတွေ ရေးထားတယ်။ နောက် ကျနော့်သမီးကို ပစ်တဲ့သူကို ဖော်ထုတ်ပြီးတော့ အရေးယူပေးဖို့ပါ” ဟု သေဆုံးသွားသူ၏ ဖခင် ဦးဘရန်ရှောင် က ပြောသည်။

အင်အား ၈ဝ ခန့်ပါဝင်သော ခလရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်ပွားသည့်နေ့က မှော်ဝမ်းရပ်ကွက်တွင် နားနေပြီး ညနေပိုင်း ၄ နာရီချိန်တွင် ဖားကန့်မြို့သို့ အထွက် ပေါက်ကွဲသံကြားသဖြင့် ၎င်းတပ်ဖွဲ့များက ယင်းကျေးရွာ အတွင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲသံကြောင့် အစိုးရ စစ်ကြောင်းတပ်ဖွဲ့များက ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်များဟု ထင်မှတ်ကာ ပစ်ခတ်ခဲ့သဖြင့် ဖားကန့်ဗျူဟာကုန်းပေါ်ရှိ တပ်များကလည်း ပြန်လည် ပစ်ခတ်ခဲ့ရာ အချင်းချင်း ပစ်ခတ်နေခြင်းသာ
ဖြစ်နေကြောင်း ဖားကန့်မြို့ခံများက မဇ္စျိမကို ပြောပြခဲ့သည်။ ယနေ့ တိုင်ကြားလိုက်သော စာတွင်လည်း ထိုကဲ့သို့ ထပ်မံ ရေးသားထားသည်။

အခင်းဖြစ်ပွားသည့်နေ့က မဂျာဆိုင်းအိန်နှင့်အတူ ဆရာမ ဒေါ်နန်ဆန့်နှင့် ကျောင်းသူ မဆိုင်းမိုင်၊ မရွယ်နူး၊ မဂျာဘောက်လုနှင့် မဂျာမွန်းမိုင်တို့ လေးဦးတို့က ကျောင်းမှ အပြန်တွင် ပစ်ခတ်သံများကြောင့် လမ်းဘေး တနေရာတွင် ပုန်းအောင်းနေစဉ် အားလုံးထွက်လာရန် ခြိမ်းခြောက်သဖြင့် ထွက်လာစဉ် မဂျာဆိုင်းအိန်၏
နောက်တင်ပါး အောက်တွင် ကျည်ဆံ ထိမှန်ခဲ့ဖြစ်သည်ဟု ဦးဘရန်ရှောင် က ပြောသည်။

“စစ်ကြောင်းမှူး ဇော်မင်းသန့်ကို ကျနော့်သမီးကို ဆေးရုံအမြန်ဆုံး ပို့ချင်တယ်လို့ ပြောတော့ သူက အခုတော့ မရဘူး။ ငါတို့ စစ်ကြောင်းထွက်တဲ့ အချိန်မှ ပို့လိုက်ပါပြောလို့ ကလေးက ဒဏ်ရာရပြီး သုံးနာရီလောက်ကြာမှ
ဆေးရုံ ရောက်သွားတာ။ ရောက်တာနဲ့ သွေးနှစ်ပုလင်း သွင်းပြီး သုံးပုလင်းမြောက်မှာ ခွဲစိတ်နေတုန်း သေဆုံးသွား တယ်” ဟု မဇ္စျိမကို ပြောသည်။

လူ့အခွင့်အရေး ကော်မရှင်ထံ လိပ်မူ၍ ပေးပို့ခဲ့သည့် တိုင်ကြားစာ မိတ္တူကို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ထံ အမြန်ချောပို့ဖြင့်
ပေးပို့လိုက်သည်ဟု ဦးဘရန်ရှောင်က ဆိုသည်။

လူ့အခွင့်အရေး ကော်မရှင်ကမူ အဆိုပါ မေတ္တာရပ်ခံစာ ယနေ့ထိ လက်ခံ မရရှိသေးသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရဌာနဆိုင်ရာများ လုပ်ဆောင်မှုအပေါ် မူတည်၍ ကော်မရှင်အနေဖြင့် ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း အတွင်းရေးမှူး ဦးစစ်မြိုင် က ပြောသည်။

“ဒီကျောင်းသူသေဆုံးမှုက အင်တာနက်တွေမှာတော့ တွေ့ပါတယ်။ ဒီဥစ္စာက ဌာနဆိုင်ရာရဲ့ တာဝန်ရှိမှုပေါ့။ ဌာနဆိုင်ရာက ဘယ်လို ဆောင်ရွက်သလဲဆိုတာကို ကျနော်တို့က စောင့်ကြည့်တယ်။ သူတို့ဘက်က လုံလောက်တဲ့
ဆောက်ရွက်မှု မလုပ်ဘူး ဆိုရင်တော့ ကျနော်တို့ ဝင်ရတာပေါ့” ဟု မဇ္စျိမကို ပြောသည်။

၎င်းကော်မရှင်က ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြစ်ကြီးနားမြို့သို့ သွားရောက်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းခဲ့ရာ အစိုးရတပ်ဖွဲ့နှင့် KIO တို့ နှစ်ဖွဲ့လုံးမှ ချိုးဖောက်မှုများ ရှိနေသည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိ ဖားကန့်မြို့နယ်တွင် သုံးပတ်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့သော်လည်း အစိုးရတပ်ဘက်မှ အင်အားတိုးမြင့်မှုများ ပြီးခဲ့သည့်ပတ်က ရှိခဲ့သည်ဟု KIO တပ်မဟာ ၆ ရှေ့တန်းတပ်မှ အရာရှိ တဦးက ပြောသည်။

ထိုသို့ အစိုးရဘက် စစ်ရေးလှုပ်ရှားမှုများ ရှိနေသေး၍ ဖားကန့်မြို့ပေါ်ရှိ စစ်ပြေး ဒုက္ခသည် ၈,ဝဝဝ ကျော်မှာ မိမိနေရပ်သို့ ပြန်ရန် စိုးရိမ်မှုများ ရှိနေသေးကာ ဒုက္ခသည် စခန်းများတွင်သာ ဆက်လက် နေထိုင်နေကြသည်။

http://www.mizzimaburmese.com/news/inside-burma/10187-2012-10-01-12-37-07.html

CPI ကုမ္ပဏီကို ကချင်ဒေသခံများ တရားစွဲမည်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခွင့်ရရှိထားသော တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်နှင့် အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် ကချင်ပြည်သူများက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။
မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းခွင်တခု မြင်ကွင်း (ဓာတ်ပုံ – travelnewsworld.blogspot.com )

သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ၄င်း၏ သမ္မတသက်တမ်းအတွင်း လုံးဝ ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်အတွင်း အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း စီမံကိန်းကြောင့် ကချင်ဒေသခံများ၏ဘဝများ၊ သဘာဝအလှများကို ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေခဲ့ကြောင်း၊ လတ်တလော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း စီမံကိန်း ဆက်လက်လုပ်ကိုင်နေသော အခြေအနေများ တွေ့နေရကြောင်း ၄င်းက ဆိုသည်။
“မြစ်ဆုံစီမံကိန်းကြောင့် ကချင်ပြည်နယ်ကို ဖျက်ဆီးခံလိုက်ရတယ်။ ကချင်ပြည်သူတွေရဲ့ဘဝ၊ ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်၊ အမွေအနှစ်တွေ ဖျက်ဆီးခံလိုက်ရတယ်။ ကျမတို့ ကချင်ဒေသခံတွေအနေနဲ့ CPI ကို တရားစွဲမယ်။ ဥပဒေကြောင်းအရ တရားစွဲဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်နေပါတယ်” ဟု ဒေါ်ဘောက်ဂျာက ရှင်းပြသည်။
မြစ်ဆုံစီမံကိန်းကြောင့် ကျေးရွာများ ရွှေ့ပြောင်းခံလိုက်ရသော ကချင်ဒေသခံများမှာ စားဝတ်နေရေးအဆင် မပြေမှုများနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၄င်းက ပြောသည်။
“ရွာတွေရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေက နေရာသစ်တွေမှာ စားဝတ်နေရေး အဆင်မပြေကြဘူး။ နောက်ပြီး အခက်အခဲအမျိုးစုံတွေ ကြုံရတဲ့အပြင် နေရာသစ်တွေမှာ ဒေသခံတွေရဲ့ သေဆုံးမှုနှုန်းတွေလည်း မြင့်လာတယ်” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းအားလုံးကို ရပ်ဆိုင်းရန် ညွှန်ကြားထားသည့်အပြင် စီမံကိန်းတွင် အသုံးပြုနေသည့် စက်ယန္တရားများကိုလည်း ပြန်လည်သယ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“မြစ်ဆုံစီမံကိန်းတွေကို လောလောဆယ် ဆိုင်းငံ့ခိုင်းထားပါတယ်။ နောက် ပစ္စည်းတွေ၊ ယန္တရားတွေ အကုန်လုံး ပြန်ထွက်ဖို့ MIC (မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်) က ၀န်ကြီးဦးစိုးသိန်း ကိုယ်တိုင် ပြန်ထွက်ဖို့ ပြောထားတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသော ကျေးရွာများမှာ အခြေအနေကောင်းမွန်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်ဝန်းကျင် သွားရောက်ကြည့်ရှုခဲ့စဉ်က စာသင်ကျောင်း၊ လမ်းများအပါအဝင် ကျေးရွာများသည် စနစ်တကျကောင်းမွန်ကြောင်း၊ လတ်တလောအခြေအနေကို မသိရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။
ဦးဇော်ဌေးက “မြစ်ဆုံကြောင့် ရွှေ့ပြောင်းခံရတဲ့ ကျေးရွာတွေက တော်တော်လေးလေးကို ကောင်းကောင်းမွန်မွန် လုပ်ထားတာတွေ့တယ်။ ဧရာဝတီတိုင်း၊ နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေးတုန်းက စံပြကျေးရွာတွေထက် တော်တော်လေးပိုသာတဲ့ သဘောတွ့ရတယ်။ ခုနပြောတဲ့ သေဆုံးမှုနှုန်းများတယ် ဆိုတာတွေကတော့ အတိအကျပြန်ပြီး စိစစ်မှာပါ” ဟု ဆိုသည်။
CPI ကုမ္ပဏီအပေါ် ကချင်ဒေသခံများ တရားစွဲဆိုရန် ရှိသည့်အပေါ် မည်သို့မျှ မှတ်ချက်မပေးလိုဘဲ တရားဥပဒေအတိုင်းသာ ရှိလိမ့်မည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။
ပြည်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တခုဖြစ်သည့် EcoDev အဖွဲ့မှ တာဝန်ရှိသူ ဦးမျိုးဝင်းသူကမူ တရုတ် CPI ကုမ္ပဏီအပေါ် ကချင်ဒေသခံများက မည့်သည့်ဥပဒေပုဒ်မဖြင့် တရားစွဲမည်ကို မသိရှိကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုဖြင့် တရားစွဲဆိုနိုင်သော ဥပဒေဟူ၍ မရှိသေးဘဲ လတ်တလော ရေးဆွဲနေသော အဆင့်တွင်သာ ရှိသေးကြောင်း ဆိုသည်။
“လောလောဆယ် ဒီမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုနဲ့တော့ တရားစွဲလို့ မရနိုင်သေးဘူး။ ဒေသခံရွာသားတွေအနေနဲ့ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတာ အပေါ်မှာတော့ တရားစွဲလို့ရနိုင်ပေမယ့် ခိုင်လို့ဖို့လိုတယ်” ဟု ဦးဝင်းမျိုးသူက ပြောသည်။
သမ္မတဦးသိန်းစိန်သည် သမ္မတအဖြစ် တာဝန်ယူပြီး လအနည်းငယ်အကြာ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၄င်း၏ သမ္မတသက်တမ်းအတွင်း လုပ်ဆောင်ခြင်းမပြုဘဲ ဆိုင်းငံ့ထားရန် ၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

 http://burma.irrawaddy.org/archives/21661

KNU နှင့် KNLA မကွဲ၊ ခေါင်းဆောင်ပိုင်း ပြဿ နာများရှိဟု အထွေထွေ အတွင်းရေးမှူး ပြောကြား

အောက်တိုဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)အကြား ကွဲနေပြီဆိုသည့် ကောလဟလများ မှန်ကန်မှုမရှိကြောင်းနှင့်လတ်တလောဖြစ်နေသည့် ပြဿ နာမှာ ခေါင်းဆောင်မှုအတွင်း သဘောထားကွဲ ပြားခြင်းသာ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ကေအိုင်စီ သို့ ပြောကြားလိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၂၉ရက်နေ့က KNLA မှ ဆက်ဆံရေးရုံး ဖွင့်လှစ်သည့်ကိစ္စကို KNU ၏ သဘော ဆန္ဒမပါကြောင်း ရက်ပိုင်းအတွင်းက KNU က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပြီးနောက်ပိုင်း KNU အထွေထွေ အတွင်းရေးမှူး က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
နော်စီဖိုးရာစိန်က “အခုကြားနေရသလိုမျိုး KNU နဲ့ KNLA သဘောထား ကွဲလွဲတယ်ဆိုတာမျိုး မဟုတ်ဘူးဆိုတာကိုပဲ ပြည်သူ လူထုသိအောင် ပြောချင်ပါတယ်။ အဓိကတော့ ခေါင်းဆောင်ပိုင်းက ပြဿနာဖြစ်တာမျိုးပါပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် ကျမတို့ ရှေ့ ဆက်လုပ်ရမယ့်လုပ်ငန်းတွေ၊ လုပ်စရာရှိတာတွေကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ပြီး လုပ်ဆောင်သွားကြမှာပါ”ဟု ပြောသည်။
ဖားအံမြို့၌ ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ရာတွင် ပါသွားခဲ့သူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA တပ် မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီကလည်း ယခုလို ပြောသည်။
၎င်းက “ခုချိန်မှာ အထက်အမိန့်အရ လိုက်လုပ်နေရတာပဲ။ နှစ်ဖက်စလုံးကြည့်ရင် ကျနော်တို့ ခေါင်းဆောင်တွေချည်းပါပဲ။ လက် ရှိအခြေအနေက ခေါင်းဆောင်တွေ ပြဿနာပဲမို့ သူတို့တွေ အချင်းချင်း မျက်နှာချင်းဆိုင် ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်း သွားနိုင်ရင် အကောင်းဆုံးပေါ့။ ဒီအတွက် ကျနော်တို့လည်း တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ဆောင်ရမှာပဲ”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
“တကယ်တော့ ဖားအံ ဆက်ဆံရေးရုံးက (လခသ)ဗဟိုရုံးအနေနဲ့ မဟုတ်ပါဘူး။ KNLA တပ်မဟာများ ဆက်ဆံရေးရုံးအနေနဲ့ ဖွင့်တာပါ။ ရည်ရွယ်ချက်ကတော့ အပစ်အခတ်ရပ်စဲရေးကာလမှာ အောက်ခြေက မတော်တဆဖြစ်တာတွေကို ဖြေရှင်းဖို့၊ နား လည်မှု ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ပါပဲ။ ဒါတွေပြီးမှသာ နိုင်ငံရေးစကားပြောမဲ့ ခေါင်းဆောင်တွေက အေးအေးဆေးဆေး ဆွေးနွေးလို့ရမယ်။ အဲဒီအခါကျရင် တပ်တွေက ၀င်ပါဖို့ မလိုတော့ဘူးလေ”ဟု ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။
မြန်မာအစိုးရနှင့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အချိန်မှစ၍ နှစ်ဖက် အပြန်အ လှန် ဆက်ဆံရေးရုံးများကို KNU အနေဖြင့် ဖွင့်လှစ်ခြင်းမျိုးသာ သဘောတူညီချက်ရှိခဲ့ပြီး သတ်မှတ်ချက်အရ KNU ခရိုင်အဆင့် မှ ဗဟိုအဆင့်ထိ တပ်ကိစ္စများအပြင် အုပ်ချုပ်ရေး၊ လူမှုရေးနှင့် အခြားကိစ္စများကိုပါ နှစ်ဖက် ဆွေးနွေးသွားရန်ဖြစ်ကြောင်း နော် စီဖိုးရာစိန်က ဆိုသည်။
ယင်းဖားအံမြို့ ဆက်ဆံရေးရုံးကို ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောဒေးဗစ်ထောနှင့် ပဒိုစောရောဂျာခင်တို့ အပါအဝင် ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ်ဆာမိစေးဖိုး၊ ဗိုလ်မှူးချုပ်ဂျော်နီတို့နှင့်အတူ အခြားအရပ်ဖက်၊ တပ်ဖက်ခေါင်းဆောင်များ သွားရောက်ဖွင့်လှစ်ခဲ့ကြရာ ၎င်းမှာ ဗဟိုဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှု မဟုတ်ဟု စက်တင်ဘာလ ၂၇ရက်နေ့က KNU မှ ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိအချိန်တွင် တပ်မဟာမှူးများနှင့် ခရိုင်ခေါင်းဆောင်အချို့သာ နယ်စပ်သို့ပြန်လည်ရောက်ရှိလာပြီး ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး တို့မှာ ရန်ကုန်သို့ ရောက်ရှိနေသည်ဟု ပြည်တွင်းသတင်းထောက်များ၏ ပြောပြချက်အရ သိရသည်။ ၎င်းတို့ ပြန်လည်ရောက်ရှိ လာပါက ဆွေးနွေးတိုင်ပင်မှုများကို ဆက်လက် ပြုလုပ်သွားမည်ဟုလည်း KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။
လက်နက်ကိုင်တော်လှန်ရေးသက်တမ်း ၆၃နှစ်ကျော်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)သည် ၎င်းတို့၏ ၁၅ကြိမ် မြောက် ညီလာခံကို ယခု အောက်တိုဘာလအတွင်း ကျင်းပသွားရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

http://www.kicnews.org/?p=13531

ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ဦးဆောင်သူနှစ်ဦး စမ်းချောင်းတရားရုံး ဆင့်ခေါ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က လမ်းလျှောက်ဆန္ဒပြပွဲမှာ ဦးဆောင် ပါ၀င်ခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက် ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (ခေါ်) အယ်လ်ခေါန်ထွဲ တို့ကို ဒီကနေ့ မနက် (၁၀) နာရီမှာ စမ်းချောင်းမြို့နယ် တရားရုံးက ဆင့်ခေါ်ခဲ့ပြီး လာမယ့် အောက်တိုဘာလ (၃) ရက်နေ့ကို ရုံးချိန်း သတ်မှတ် လိုက်ပြီလို့ သိရပါတယ်။
RFA
စမ်းချောင်းမြို့နယ် တရားရုံး
ဒီအမှုကို မြို့နယ်ရဲစခန်းက တရားလိုအဖြစ် စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။ ကချင်ငြိမ်းချမ်းရေး ကွန်ရက်ခေါင်းဆောင်  ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ တို့ကို အရပ်ဘက် အသင်းအဖွဲ့အစည်း တွေက ကူညီပံ့ပိုးပေးကြဖို့  ရှိပါတယ်လို့ ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။
"ဒီနေ့ကတော့ ဒီအမှုတွဲကို တရားရုံးကနေ လက်ခံပြီးတော့ ကျွန်တော်တို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုထားတဲ့ အကြောင်း၊ တရားခွင်အရ တရားဥပေဒေအရ တရားရုံးကနေ ဆက်လက် ဆောင်ရွက်သွားမယ့်အကြောင်း၊ ပြီးရင် သဘက်ခါကို ရုံးချိန်တစ်ခါတည်း ခေါ်လိုက်တယ်၊ ဒီအပေါ်မှာ ကျွန်တော်တို့ဟာ မှားယွင်းမှု လုံးဝမရှိကြောင်း၊ နိုင်ငံသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအရ ကျွန်တော်တို့ ဒါကိုပြန်ပြီးတော့ ချေပပြီးတော့ ဒီအမှုကို ရင်ဆိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကူအညီ တောင်းဖို့ဆိုတာထက် အသင်းအဖွဲ့တွေ အားလုံးက ဒီကိစ္စမှာ ကျွန်တော်တို့နဲ့အတူ ရှိနေပြီဆိုတဲ့ အကြောင်းကို သူတို့က အကြောင်းကြားပါတယ်။ လူမှုအသင်းအဖွဲ့တွေ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က အရပ်သား လူ့အဖွဲ့အစည်းတွေပေါ့။"
ကချင်ငြိမ်းချမ်းရေး ကွန်ရက်ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့  ဒေါ်မေစံပယ်ဖြူ တို့ဟာ အောက်တိုဘာလ (၁၀) ရက်နေ့မှာလည်း ဒဂုံမြို့နယ်တရားရုံးရဲ့  ရုံးချိန်းသွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/peace-walk-leaders-charged-sanchaung-10012012143909.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India