- 06 September 2012
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်သွားလမ်း ဒေါဖုန်းယန်မြို့နယ်ခွဲ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) တောင်ခြေတွင် မြန်မာအစိုးရတပ် ခမရ (၄၃၈)နှင့် (၃၈၇) တပ်ပေါင်းစုနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) တပ်ဖွဲ့များသည် ယနေ့နံနက် ၁၀ နာရီခွဲမှစ၍ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်။
ဘွမ်ဆောန်ဘွမ်ရှိ မြန်မာအစိုးရတပ်သည် ရိက္ခာလာပို့သော ခလရ (၁၄၂) စစ်ကြောင်းကို သွားရောက် စောင့်ကြိုနေချိန်တွင် KIO အောက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ဖွဲ့နှင့် ယခုကဲသို့ တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း KIA စစ်ဗိုလ်များပြောသည်။
“ဒီမနက်နံနက် ၁၀ နာရီကနေစတိုက်တာ ခုထမင်းစားချိန်ခဏနားတယ်။ ခဏနေကျရင် ပြန်တိုက်မယ်။ ကျနော်တို့ဘက်က ဘာမှမဖြစ်ဘူး။ သူတို့ဘက်ကတော့ ဘယ်နှစ်ယောက်သေတယ်ဆိုတာ မသိရသေးဘူး” ဟုရှေ့တန်းမှ KNG ကချင်သတင်းဌာနသို့ပြောသည်။
တိုက်ပွဲများကြောင့် ရိက္ခာလာပို့သော မြန်မာအစိုးရတပ် ခလရ (၁၄၂) သည် ဒေါဖုန်းယန်ရွာ (Dawhpumyang) ထဲသို့ မရောက်ရှိနိုင်ဘဲ ရှိနေကြေင်းသိရသည်။
ထို့အတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆမ်ပိုင်(Sambai) သွားလမ်းရှိ မိုင် ၄၀ ကျော်ရှိသည့် ဒါဂါယန် (Daga Yang) နှင့် လိုင်ဖောန် (Lai Hpawng) ဒေသအတွင်း ပြီးခဲ့သည့်ပတ်ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားခဲ့စဉ် မြန်မာအစိုးရတပ်မှ ဗိုလ်ကြီးများ သေဆုံးပြီးနောက် ၎င်းအစိုးရတပ်သည် လက်နက်ကြီးများနှင့် တိုက်ခိုက်နေကြောင်းသိရသည်။
“မနက်ထမင်းစားပြီးတဲ့ချိန်မှ ပစ်လာတယ် လက်နက်ကြီးတွေနဲ့ဟုတ်တယ်။ နားလိုက်ပစ်လိုက် အနီးမှာ လာကျတယ် ဒါမေ့ဘာမှမဖြစ်ဘူး” ရှေ့တန်းမှ ဆိုသည်။
မြန်မာအစိုးရတပ်များသည် ဝူထောန်ဘွမ် (Wu Htau Bum) တွင် တပ်ချနေပြီး တပ်သားအချို့သည် ၎င်းတပ်မှ ရ မိုင်ရှိ ဒိန်ဂါတောင် (Dingga Bum) မှ KIA တပ်မဟာ (၅) တပ်ရင်း (၃) နှင့် အရပ်သားကာကွယ်ရေး တပ်ဖွဲ့ (MHH) များရှိရာ လိုင်ဖောန် (Lai Hpawng) သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ကချင်ပြည်နယ် KIA တပ်များ တပ်ချထားသည့် နေရာဒေသတစ်လျှောက် အစိုးရတပ်များနှင့် တိုက်ပွဲများပြင်းထန်နေပြီး အထူးသဖြင့် ဖားကန့်ဒေသဖက်တွင် အစိုးရစစ်တပ်များ စစ်အင်အားများစွာတိုးချဲ့၍ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
http://kachinnews.com/burmese/news/937-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-kio-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%94%E1%80%B9%E1%80%86%E1%80%B2.html