“ အခုလိုအကြိမ်ကြိမ် ဗုံးပေါက်ကွဲနေတာကြောင့် ဒေသခံလူထု အဖမ်းခံရတယ်။ ရိုက်နှက်ခံရတယ်။ အိမ်တွေပျက်စီးတယ်။ အဲလိုလုပ်နေတဲ့အပေါ် ကျနော်တို့ ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် အမတ်တွေကနေ လူထုနဲ့တွေ့ ဆုံပြီး ရှင်းလင်းပွဲလုပ်မယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းက ဌာနဆိုင်ရာတွေ နဲ့အတူပေါ့နော်။ လာမယ့်အပတ်ထဲမှာ လုပ်ဖို့ စီစဉ်ထားတယ်” ဟု ကျားဖြူပါတီလွှတ်တော်အမတ် စိုင်းသန်းမောင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ၌ အမည်မသိလက်နက်ကိုင် အဖွဲ့က ဝမ့်တာ့လုံရွာထဲသို့ ယခုလ ၉ ရက်နေ့ မနက် ၃ နာရီတွင်တကြိမ်၊ ဝမ့်ပေါက်ရွာတွင် တကြိမ် (ရက်နှင့်အချိန်မသိရ)၊ ၁၄ ရက်နေ့ ဝမ့်လုံရွာတွင်တကြိမ် လက်နက်ကြီးပစ်ခတ်ခံရပြီး ၁၉ ရက် ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ပကာကျေးရွာတွင် ရွာသူတဦး ဗုံးနင်းမိ သဖြင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု ဒေသတွင်း သတင်းရပ်ကွက်များက ဆိုပါသည်။
ရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ လူထုတို့လည်း အစိုးရ၏ ရဲတပ်ဖွဲ့များဖမ်းဆီးခြင်းကို ခံကြရကြောင်း ဆိုပါသည်။
“ မိုင်းငေါ့မြို့နယ်ခွဲတဝိုက်မှာ ပြင်ပ လက်နက်ကိုင်တပ်ဖွဲ့တွေမရှိဘူး။ မြန်မာအစိုးရစစ်တပ်ဘဲရှိတယ်။ လက်နက်ကြီး ဒဏ်တွေကြောင့် ဝမ့်ပေါက်ရွာ သူကြီးဆိုရင် ခု မန္တလေးဆေးရုံမှာ ဆေးကုနေရတုန်းဘဲလို့ကြားရတယ်။ ပစ်ခတ်မှုတွေ ဗုံးကွဲမှုတွေဖြစ်ပြီးနောက်ပိုင်းမှာလဲ မိုင်းငေါ့အုပ်စု ဝမ့်ကောင်းရွာက ဥက္ကဌဟောင်း စိုင်းစံညွန့်နဲ့ ပြည်သူ့စစ် လုံးဂန္ဓမာ တို့ ၂ ယောက်ကို ပြီးခဲ့တဲ့ စနေနေ့က ရဲက လာဖမ်းတယ်။ စိုင်းစံညွန့် ကိုတော့ ဖမ်းတဲ့နေ့ မှာဘဲ ပြန်လွှတ်ပေးတယ်။ ကျန်တဲ့တယောက်ကိုတော့ မနေ့ညနေကမှပြန်လွှတ်တယ်။ ရွာသားတွေ သွားပြီးထောက်ခံလို့ ပြန်လွှတ်ပေးတာ” ဟု ကျောက်မဲမြို့ရောက် မိုင်းငေါ့ဒေသခံ နန်းလီ ကပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲ ကြောင့် သျှမ်းပြည်တပ်မတော် သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက မိမိတို့လက်ချက်မဟုတ်ကြောင်း၊ မိုင်းငေါ့ဘက်လှုပ်ရှားသည့်အစိုးရစစ်ကြောင်းနှင့် ရဲစခန်းရှိရဲများ ပူးပေါင်းကြံစည်ခြင်း သာဖြစ်ကြောင်းပြောသကဲ့သို့ ဒေသခံရွာသားများနှင့် ကျားဖြူပါတီလွှတ်တော်အမတ်များကလည်း ထိုတဝိုက်တွင် မြန်မာ စစ်တပ်သာလှုပ်ရှားကြောင်းပြောဆိုသည်။
သို့သော် ဒေသအတွင်းလှုပ်ရှားသည့် အစိုးရစစ်ကြောင်းနှင့် မိုင်းငေါ့ရဲစခန်းတို့ပူးပေါင်းပြီး လူထုအားခေါ်ယူကာ ဗုံးပေါက် ကွဲမှုမှာ ၎င်းတို့လုပ်ရပ်မဟုတ် SSPP/SSA တို့၏ လုပ်ရပ်သာဖြစ်ကြောင်း သောကြာနေ့က ရှင်းလင်းပြောကြား ခဲ့သည် ဟုဆို၏။
ယမန်နေ့ ဗုံးနင်းမိသည့် နန်းအေးဌေး၏ သတင်းနှင့်ပတ်သက်၍ မြ၀တီ သတင်းဌာနက “ အကြမ်းဖက် သောင်းကျန်းသူ များ၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ” ဟူ၍ သတင်းများ ရေးသားဖော်ပြ ထား သည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3668-2012-11-20-11-00-41.html