ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၏ ခြေကုပ်စခန်းများအား မြန်မာ့တပ်မတော်က တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အပြစ်မဲ့ ပြည်သူများအား အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကျဉ်စေလိုကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။
KIA ၏ ရှေ့တန်း စခန်းထောက် နေရာဖြစ်သော လဂျားယန်စခန်း ပွိုင့် ရ၇၁ တောင်ကုန်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က လေကြာင်းပစ်ကူ တိုက်ခိုက်မှုဖြင့် သိမ်းပိုက်ခဲ့သည်။
သမ္မတရုံး၏ ကြေညာချက်တွင် KIA အဖွဲ့၏ ရထားလမ်း၊ ကားလမ်းများ၊ တံတားများကို မိုင်းခွဲ ဖျက်ဆီးခြင်း၊ စီးပွားရေး လုပ်ငန်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ ဓာတ်အားလိုင်းများကို ဖောက်ခွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း စသည့်လုပ်ရပ်များကြောင့် စစ်ရေးအရ ပြန်လည်တုံပြန်ရခြင်း ဖြစ်သော်လည်း တပ်မတော်မှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သည်ဟု ဖော်ပြထားသည်။
မြန်မာ့တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်သည့် နေရာများမှာ ဒေသခံများ နေထိုင်ခြင်းမရှိသည့် KIA စစ်စခန်းများသာ ဖြစ်သည်ဟုလည်းပါရှိသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကိုလည်း အစိုးရက ယာယီစခန်းများ ဖွင့်လှစ်ပြီး စားဝတ်နေရေး၊ ပညာရေး ထောက်ပံမှုများ ပေးထားကြောင်း၊ အစိုးရအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရးကို တည်ဆောက်နိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လဂျားယန်စခန်းတဝိုက် ထိန်းချုပ်ရေး တိုက်ပွဲများတွင် အစိုးရတပ်က လေယာဉ်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။
ထိုသို့ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်ခြင်းမှာ လဂျားယန်စခန်းသို့ သွားရောက် ရိက္ခာပို့သည့် စစ်တပ်ယာဉ်တန်းများ မကြာခဏ ချုံခိုတိုက်ခိုက်ခံရသည့်အတွက် အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ များပြားခဲ့ရ၍ ရှင်းလင်းခြင်းဖြစ်သည်ဟု စစ်ဘက်အသိုင်းအဝန်းက ဆိုသည်။
“စကခ ၃ လက်အောက်ခံ တပ်ရင်းသုံးရင်းက တပ်ရင်းမှူးရော၊ ဒုရင်းမှူးရော မထိတဲ့သူ မရှိဘူး။ အခု အင်အားထပ်ဖြည့်ထားတယ်။ အနောက်မြောက်တိုင်းက တိုင်းတပ်တွေရော၊ တပ်မ ၉၉ ရော အခု ထပ်တင်ထားတယ်။ နားနေတဲ့တပ်တွေလည်း အသင့်အနေအထားပဲ” ဟု အစိုးရ စစ်ဘက်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကမူ မြန်မာ့တပ်မတော်အနေဖြင့် KIA အခြေစိုက်ရာ လိုင်ဇာကို သိမ်းပိုက်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အာမခံပြောကြားခဲ့သည်။
http://burma.irrawaddy.org/archives/29836