December 4, 2012

KIA နယ်မြေ၌ စစ်ဆင်ရေး ပြင်းထန်လာနေ


K 14wswဒီဇင်ဘာ လဆန်းမှ စပြီး ကချင်ပြည် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နယ်မြေ၌ စခန်းသိမ်း တိုက်ပွဲ အပါ၀င် အစိုးရ စစ်ဆင် ရေး လှုပ်ရှားမှုများ တိုးတက်များပြား လာခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တစ်ဦးက ပြောပါသည်။
“ ဒီဇင်ဘာ (၂) ရက်နေ့က ကျနော်တို့ တပ်ရင်း (၃) ဖြစ်တဲ့ လော့ပွမ်စခန်းကို အစိုးရတပ်မ (၈၈) လက်အောက်ခံ တပ်တွေ က တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။ ပြီးတော့ ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမှာလည်း တနေ့ကို တိုက်ပွဲတွေ (၉) ကြိမ် အထိ ဖြစ်လာတယ်။ တနိုင်းဖက်မှာလည်း ထိုးစစ် စနေပါတယ်။ ဒီတော့ အစိုးရ တပ်ဖွဲ့က ပိုပြီး လှုပ်ရှားလာနေတာ တွေ့ရပါတယ်” ဟု ဆိုပါသည်။
နိုဝင်ဘာလ (၂၆) ရက်နေ့မှ စပြီး အစိုးရ တပ်ဖွဲ့တို့သည် KIA တပ်ဖွဲ့များ ရှိရာ ဧရာဝတီ ရှေ့ဖက်ခြမ်း တပ်မဟာ (၅) ဒေသ၊ ရှမ်းပြည် မြောက်ပိုင်းရှိ တပ်မဟာ (၄) ဒေသ၊ ဗန်းမော်ခရိုင်တွင်းရှိ တပ်မဟာ (၃) ဒေသ၊ မြစ်ဆုံအောက်ပိုင်းရှိ တပ်မဟာ (၂) ဒေသနှင့် ဧရာဝတီ မြစ်ဆုံ အထက်ပိုင်းရှိ တပ်မဟာ (၁) ဒေသသို့ စတင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပါသည်။
တပ်မဟာ (၁) ဒေသတွင် ပန်ဝါမြို့နယ် နယ်ခြားမှတ်တိုင် (၆) ၌ရှိသည့် KIA စခန်းတခုကို တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၇၇) တပ်ဖွဲ့တို့က နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ၈၁ မမ စိန်ပြောင်း အမြောက်ဖြင့် အကြိမ် (၃၀) ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလ (၁) ရက်နေ့တွင် တစ်နေ့ကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက် ရှိပါသည်။
အစိုးရ စစ်ကြောင်း များသည် ရှမ်းပြည်နယ် လားရှိုးမြို့မှ စစ်ယာဉ် (၃၄) စီးနှင့် အတူ ကွမ်လုံဘက်သို့ ချီတက်ခဲံပြီး ဝိုင်းမော်မြို့ နယ်ရှိ KIA တပ်ရင်း (၃) အခြေစိုက်ရာ စခန်းဘက်သို့ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် စတင် ထိုးစစ်ဆင်ပြီး ဒီဇင်ဘာ (၂) ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက် လိုက်ကြောင်း ဆိုပါသည်။
“အပြင်းထန်ဆုံးက တပ်မဟာ (၅) နယ်မြေနဲ့ တပ်မဟာ (၁) ဒေသ တို့ပါပဲ။ စခန်းသိမ်း တိုက်ပွဲတွေလို့ ဆိုနိုင်ပါတယ်။ တွေ့ ဆုံဆွေးနွေးရေး အတွက်ကို ရည်ရွယ်ရင်တော့ ဒီလိုမျိုး တပ်အင်အားနဲ့ လာတာကိုက ဝမ်းနည်းစရာ ကောင်းတယ်လို့ ဆိုချင် ပါတယ်။”ဟု KIO ဗဟို ကော်မတီဝင် တစ်ဦးက ဆိုပါသည်။
 KIA communication
အောက်တိုဘာ (၃၀) ရက်နေ့ တရုတ်ပြည် ရွှေလီမြို့တွင် တွေ့ဆုံစဉ်က ၀န်ကြီး ဦးအောင်မင်းသည် နိုဝင်ဘာလ အတွင်း နိုင်ငံရေးအရ တွေ့ဆုံရန် ပြောဆိုချက်သည် တရားဝင် ကမ်းလှမ်းတာ မဟုတ်ဘဲ အလွတ် သဘောအရ ပြောဆိုခြင်းသာ ဖြစ်သည် ဟု KIA အရာရှိတို့က ယူဆထားကြောင်း ဆိုပါသည်။
“ကျနော်တို့ ဘက်ကတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးကို တရားဝင်ဖြစ်ဖို့ တောင်းဆိုနေတာပါ။ အလွတ်သဘောနဲ့တော့ မတွေ့ချင်ပါဘူး။ ပြီးတော့ စစ်ရေးအရ အပစ်ရပ်ရေး ကိစ္စတွေကိုဘဲ ပြောပြီးတော့ လက်တွေ့မှာ အစိုးရဖက်က စခန်းသိမ်း တိုက်ပွဲတွေ စစ်ဆင်ရေး တွေကိုဘဲ ဆင်လာနေမှတော့ ယုံကြည်နိုင်စရာ မရှိတော့ပါဘူး။ ကျနော်တို့ ဖက်ကလည်း နိုင်ငံရေး အရ ဆွေးနွေးတော့မယ် ဆိုရင် ကချင်ပြည်သူရဲ့ သဘောထားတွေကိုလည်း ရယူဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း အချိန်ယူ ရ ပါ့မယ်” ဟု ၄င်းကဆိုသည်။
KIA သည် ၁၉၉၄ ခုနှစ်တုန်းက အစိုးရနှင့် အပစ်ရပ်စဲ ခဲ့ဘူးပြီး ၂၀၁၀ ခုနှစ်၌ ပျက်ပြယ် သွားခဲ့ပါသည်။ ၂၀၁၁ခုနှစ် ဇွန်လမှစ ပြီး အစိုးရက စတင် တိုက်ခိုက်ခဲ့ရာမှ ယနေ့အထိ တိုက်ပွဲပြင်းထန် နေဆဲဖြစ်ပါသည်။ KIA သည် တိုင်းရင်းသား အခွင့် အရေး များကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးသည့် နည်းဖြင့် အဖြေရှာ လိုပြီး အစိုးရသည် အပစ်အခတ် ရပ်စဲရေးကိုသာ ဦးစွာရယူ ရန်ပြောနေပါသည်။ 

http://www.phophtaw.org/burmese/index.php/news/local-news/2469-kia---.html

စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် လက်နက်ကိုင် တော်လှန်ရသည့် အကြောင်းရင်းကို သိရှိရန် လိုအပ်

မြန်မာနိုင်ငံအတွင်း စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားတို့ လက်နက်ကိုင် တော်လှန်ရသည့် အကြောင်းရင်းကို သိရှိရန် အထူးလိုအပ်ကြောင်း “Martin Luther King Prize” ဆုရှင် ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောပါသည်။
PandL
Paul Keenan နှင့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း

“ဘာကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်ရသလဲဆိုတဲ့ အကြောင်းရင်းကို မသိရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးကို မတည်ဆောက်နိုင်ဘူး။ နောက်ထပ် လက်နက်ကိုင် တော်လှန်တာကိုလည်း တားဆီး နိုင်မှာ မဟုတ်ဘူး” ဟု Burma Centre of Ethnic Studies (BCES) ဒါရိုက်တာ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောပါသည်။

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနီးပါး၏ အကြောင်းများကို ရေးသား ထားသည့် စာမျက်နှာ ၂၆၈ ပါPaul Keenan ရေးသားသော “By Force of Arms” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို Burma Centre of Ethnic Studies (BCES) က ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီ ချင်းမိုင်တက္ကသိုလ်ဝင်းရှိ Uniserv အဆောက်အဦး၌ ပြုလုပ်ကျင်းပခဲ့သည်။

“တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရချင်ရင်တော့ ကျနော်တို့ အချင်းချင်း နားလည်မှု ရှိရမယ်။ နောက် ယုံကြည်မှု တည်ဆောက်ရမယ်။ ကျနော်တို့ အချင်းချင်း နားလည်မှုမရှိ၊ ယုံကြည်မှုလည်း မရှိရင် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒီစာအုပ်ဟာ နှစ် ၆၀ ကျော်ကြာ ဖြစ်ပွားလာတဲ့ ပြည်တွင်း ပဋိပက္ခကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတဲ့သူတွေအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောပါသည်။
By Force of Arms
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်၊ လူ့အခွင့်အရေးများကို အားပေးရန် ရည်ရွယ်၍ ၂၀၁၁ မတ်လအတွင်း Burma Centre of Ethnic Studies (BCES) ကို စတင်ထူထောင် ခဲ့သည်။

BCES မှ ပထမမြောက် စာအုပ်အဖြစ် မြန်မာဘာသာဖြင့် ရေးသားသော ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၏ “ဒီမိုကရေစီ ကျင့်စဉ်တရားများ” စာအုပ်ကို ၂၀၁၂ ဩဂုတ်လအတွင်း ထုတ်ဝေဖြန့်ချီခဲ့သည်။ မြန်မာနိုင်ငံအတွင်း အုပ်ရေ ၁၅၀၀၀ ကျော် ဖြန့်ချီခဲ့ကြောင်း၊ နေပြည်တော် တစ်မြို့ထဲတွင် အုပ်ရေ ၁၀၀၀ ခန့် ဖြန့်ချီခဲ့ကြောင်း ဆို၏။ “By Force of Arms” စာအုပ်မှာ ဒုတိယမြောက် စာအုပ်ဖြစ်သည်။ မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁၂ အုပ် ထပ်မံထုတ်ဝေဖြန်ချီရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3700-2012-12-04-09-28-28.html

လွှတ်တော်ကို လေ့လာဖို့ UWSA ကိုဖိတ်ခေါ်

 
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ အင်္ဂါနေ့ မနက်ပိုင်းက ဝပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော် UWSA ဌာနချုပ် ပန်ဆန်းကို ရဟတ်ယာဉ် နှစ်စီးနဲ့ သွားရောက်ပြီး UWSA အကြီး အကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခုလို တွေ့ဆုံစဉ်မှာ UWSA အနေနဲ့ နေပြည်တော်က လွှတ်တော်ကို လာရောက် လေ့လာဖို့ အတွက် ဝန်ကြီး ဦးအောင်မင်းက ဖိတ်ခေါ်ခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ UWSA ဥက္ကဌ ဦးပေါက်ယိုချန်က လွဲပြီး UWSA ဗဟိုကော်မတီ အဖွဲ့ဝင်တွေ၊ ဌာနကြီးမှူးတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။
UWSA တပ်ဖွဲ့နဲ့ အစိုးရတို့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ၃ ကြိမ် တွေ့ဆုံ ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အခု တွေ့ဆုံပွဲ ကတော့ အလွတ်သဘော အနေနဲ့သာ တွေ့ဆုံ ကြတာ ဖြစ်လို့ နိုင်ငံရေး ဆွေးနွေးချက်တွေ ထည့်သွင်း ပြောကြားတာမရှိပါ။
UWSA ရဲ့ လမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေ၊ ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက် ဆက်လက် အကူအညီ ပေးသွားမယ့် အကြောင်းနဲ့ အရင် ဝန်ကြီး ဦးအောင်သောင်းနဲ့ လုပ်ထား တဲ့ သဘောတူညီမှု တွေကို လာရောက် ခွင့်ပြုမိန့် ချပေးတဲ့ အကြောင်းတွေပဲ ပြောဆို ဆွေးနွေးသွားတာ ဖြစ်ပါတယ်။
ဝ တပ်ဖွဲ့ ဘက်ကတော့ သူတို့ ထိန်းချုပ် နယ်မြေ ဖြစ်တဲ့ မိုင်းကောင် ခရိုင်မှာ ရာသီဥတု ဖောက်ပြန်မှု ကြောင့် ပြည်သူတွေဟာ ရိက္ခာ အခက်အခဲ ပြဿနာ တွေနဲ့ ကြုံတွေ့နေရလို့ သူတို့ အနေနဲ့ တန့်ယန်း မြို့နယ်နဲ့ မိုင်းရယ် မြို့နယ် ၂ ခုမှာ ရိက္ခာ ဝယ်ယူ ရရှိနိုင်ဖို့ အတွက် အကူ အညီ တောင်းဆိုခဲ့ပြီး၊ ဝ ဒေသဖွံ့ဖြိုးရေး ကိစ္စကိုပဲ အသားပေး ဆွေးနွေးခဲ့ ကြတယ်လို့ UWSA ရဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်း အဖွဲ့ကနေ UWSA ဖောက်လုပ် နေတဲ့ ဆက်သွယ်ရေး လမ်း ၃ လမ်း အတွက် နောက်ထပ် ကျပ် သိန်းတထောင်ကျော် ထပ်မံ အကူအညီ ပေးသွားခဲ့ ပါတယ်။

http://www.bbc.co.uk/burmese/burma/2012/12/121204_uwsa_gov_meeting.shtml

အစိုးရစစ်တပ်ပစ်ခတ်မှု ကချင်ရွာသား ၃ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အောင်ရာရွာကို ၀င်ရောက်လာတဲ့ အစိုးရစစ်တပ် ယာဉ်တန်းက ရွာအတွင်းကို ၀င်လာချိန်မှာ အရပ်သူအရပ်သားတွေနဲ့ နေအိမ်တွေကို ပစ်ခတ်ခဲ့တာကြောင့် အနည်း ဆုံး လူ သုံးယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF က ဒေါ်ဘောက်ဂျာက ပြောပါတယ်။ ဒီပစ်ခတ်မှုဟာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်လို့ ပစ်ခတ်တာမဟုတ်ဘဲ အကြောင်းမဲ့သက်သက် ရွာအတွင်းကို ပစ်ခတ်တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မိုးရာသီကုန်ဆုံးပြီး ခြောက်သွေ့ရာသီစတင်ချိန်မှာ ကချင်ပြည်နယ်အတွင်းမှာ အစိုးရဘက်က တပ် အင်အား ဖြည့်တင်းတာတွေ ရှိလာသလို တိုက်ပွဲတွေလည်း ပိုပြင်းထန်လာတယ်လို့ ကချင်လွတ်လပ်ရေး အဖွဲ့ဘက်က ပြောဆိုနေချိန်မှာပဲ ဖားကန့်မြို့နယ်၊ အောင်ရာရွာမှာ ဒီပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

အရပ်သူအရပ်သားတွေကို ပစ်ခတ်ခဲ့တဲ့အခြေအနေကိုတော့ အဲဒီရွာကို ရောက်ရှိနေတဲ့ NDF ပါတီက ဒေါ်ဘောက်ဂျာက အခုလို ပြောပါတယ်။

“မနေ့က ၁၂ နာရီလောက် ကလေးတွေ ကျောင်းဆင်းတဲ့အချိန်လောက်မှာပေါ့။ စစ်တပ်က ယာဉ်တန်းက အစီး၂၀ လောက်တက်လာတယ်။ ဒီကားပေါ်ကနေ အသားလွတ် ဒရွတ်တိုက် ပစ်သွားတာပေါ့နော်။ ဘာ ရန်သူမှမလည်း မရှိဘူး ရွာကို။ အခု အိမ်တွေမှာ ခေါင်မိုးတွေ၊ ဘုရားကျောင်းရဲ့ ခေါင်မိုးတွေလည်း အကုန်လုံး ပေါက်ပြဲပြီးတော့  အိမ်တိုင်တွေကလည်း အကုန် သေနတ်ဒဏ်ရာတွေချည်းပဲ။ ရွာကနေ လမ်းလျှောက်သွားတဲ့ လူတွေကိုလည်း ပစ်သတ် သွားတယ်ပေါ့နော်။ သေဆုံးတာလည်း ကလေးတွေလည်း သေတယ်။ ကလေးလေး တယောက်က ပေါင်ကျိုးသွားတယ်။ ဒါက ၆ နှစ် ကျောင်းသားလေး။ ဆေးရုံသွားတဲ့လမ်းမှာ ဆေးရုံ မရောက်ခင် သေသွားတယ်။ လောလောဆယ်သိရတာ သေတာက ၃ ယောက်။ ဒဏ်ရာရတဲ့လူကလည်း ၄ ယောက် လောက် ရှိတယ်ကြားရတာပေါ့နော်။”

သေဆုံးသူတွေကတော့ အသက် ၄၁ နှစ်အရွယ် ဦးကွန်းထပ်နော်၊ အသက် ၆ နှစ်အရွယ် ဖိုးချစ်နဲ့ အမျိုးသမီး တယောက်ဖြစ်ပြီး သေဆုံးသူအမျိုးသမီးကိုတော့ သေချာမသိရသေးဘူးလို့ ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အောင်ရာရွာက အုပ်ချုပ်ရေးမှုးကို ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း ခေါ်ဆိုလို့ မရပါဘူး။

ဖားကန့်၊ တနိုင်းနဲ့ ဟူးကောင်းဒေသမှာ အခြေစိုက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်မှူး တယောက်ကတော့ မနေ့က ဖားကန့်ကနေ တနိုင်းအသွား လီဒိုလမ်းမပေါ်က ဒွန်ဘန်နဲ့ နောင်းနီကျေး ရွာ အကြားမှာ အစိုးတပ်နဲ့ KIA တပ်ရင်း ၁၄ အကြား တိုက်ပွဲတကြိမ်၊ အောင်ရာရွာနဲ့  ရှဒူဇွပ်ကျေးရွာ အကြားမှာ တိုက်ပွဲတကြိမ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပြီး ဆက်လက်ချီတက်သွားတဲ့ ကား အစင်း ၄၀ ကျော်ပါတဲ့ အစိုးရတပ်ယာဉ်တန်းက ရှဒူဇွပ်နဲ့ အောင်ရာရွာဖက်အရောက်မှာ လမ်းမှာသွားနေတဲ့ အမျိုးသားတယောက်ကို ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးတယောက်နဲ့ ကလေးတယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကြားရကြောင်း ဆက်ပြောပါတယ်။

ဒီလို ပစ်ခတ်တဲ့နေရာနဲ့ တိုက်ပွဲဖြစ်တဲ့နေရာက ၅ မိုင်ကျော်လောက်ကွာဝေးတယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာတော့ ဒီရိက္ခာနဲ့ လက်နက်တွေတင်ဆောင်လာတဲ့ အစိုးရတပ်ယာဉ်တန်းက ကားအစင်း ၃၀ ကျော်ဟာ တနိုင်းမြို့ကို ၀င်ရောက်သွားပြီဖြစ်တယ်လို့လည်း KIA တပ်မှူးက ပြောပါတယ်။
ဖားကန့်နဲ့ တနိုင်းအကြား လီဒိုလမ်းမပေါ်မှာ အခုလို တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ မနေ့က ရထားလမ်းမှာ မိုင်းတလုံး ပေါက်ကွဲခဲ့ပါသေးတယ်။

“နေရာက မိုင်တိုင်နံပါတ် ၆၄၀ မျဉ်းစောင်း ၂၂ နဲ့ ၂၃ ကြားထဲပါ။ မိုးညှင်းနဲ့ နမ္မားဘူတာကြားပါ။ ပျက်စီးသွားတာ အရှေ့ဘက်သံလမ်း ၄ ပေခန့် ပြတ်သွာပါတယ်။ နောက် (ဇလီ)ဖားတုံး ၄ တုံး ကြေမွ ပျက်စီးသွားတယ်ခင်ဗျ။”

ဒါကတော့ မိုးညှင်းဘူတာက တာဝန်ကျ ၀န်ထမ်းတဦးပြောသွားတာဖြစ်ပါတယ်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းမှာ မိုင်းဗုံးပေါက်ကွဲတာကတော့ ည ၁၁ နာရီခွဲအချိန်ဖြစ်ပြီး ပြင်ဆင်ပြီးချိန် အထိ ၄ နာရီခွဲ ကျော်လောက် မီးရထား အသွားအလာတွေ ရပ်ဆိုင်းသွားခဲ့တယ်။ ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

KIA နဲ့ အစိုးရတပ်အကြား ပြီးခဲ့တဲ့နှစ် ဇွန်လက အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့တဲ့နောက်မှာ မန္တလေး- မြစ်ကြီးနား ရထားလမ်းမှာ ဒီလို မကြာခန မိုင်းဗုံးပေါက်ကွဲတာတွေ ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ၀ိုင်းမော်နဲ့ ဆဒုံးဒေသဘက်တွေမှာ အစိုးရဘက်က တပ်အင်အား တိုးချတာတွေ ရှိသလို တိုက်ပွဲတွေ လည်း ဆက်တိုက်ဖြစ်နေတယ်လို့ KIO ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

KIA နဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ တနှစ်ကျော်ကာလအတွင်းမှာတော့ အစိုးရနဲ့ KIO ကိုယ်စားလှယ်တွေဟာ အပစ်အခတ်ရပ်စဲဖို့အတွက် အနည်းဆုံး ဆယ်ကြိမ်လောက် တွေ့ ဆုံဆွေးနွေးခဲ့ပေမဲ့ ဒီနေ့ထိတော့ တိကျတဲ့သဘောတူညီချက် မရသေးပါဘူး။ ဒီတိုက်ပွဲကာလ အတွင်းမှာတော့ ဒုက္ခသည်ပေါင်း တစ်သိန်းနီးပါးဟာ မိမိတို့ နေရပ်ရင်းကို စွန့်ခွာပြီး တရုတ်-မြန်မာ နယ်စပ်ဒေသနဲ့ ကချင်ပြည်နယ်က မြို့ကြီးတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။

http://burmese.voanews.com/content/kachin-3-villagers-killed-by-myanmar-troop/1558104.html

မြန်မာပြည်တွင်း လတ်တလော အကြမ်းဖက်မှု များအပေါ် ဆိုး ရိမ်ကြောင်း KNU သဘောထား ထုတ်ပြန်

ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ် (ကေအိုင်စီ)
မြန်မာပြည်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဆိုးရိမ်ကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU) က ယနေ့ ဒီဇင်ဘာလ ၄ရက်နေ့တွင် သဘော ထား ကြေညာ ချက်တစ်စောင် ထုတ်ပြန်လိုက် သည်။
အဆိုပါ ကြေညာချက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လူထုလှုပ် ရှားမှုကို အစိုးရအာဏာပိုင်များက အကြမ်းဖက် နှိမ်နှင်း ဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝမဖြစ် သင့်ကြောင်းနှင့် ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်များ ထိုးစစ်ဆင် မြှင့်တက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင် ခိုလုံသည့် လူထုနေရာများကိုတောင် မီးရှို့ဖျက်ဆီးခြင်း စသည့်အခြေအနေ များကို ကြေညာချက်၌ ထည့်သွင်းထားသည်။
KNU အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ငြိမ်းချမ်းရေး တည်ဆောက်နေစဉ်အတွင်း အကြမ်းဖက် ဖြစ်ပွားမှုကို မလိုလားကြောင်းနှင့် ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားလိုသည့်အတွက် သဘောထား ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ကေအိုင်စီသတင်းဌာနကို ပြောသည်။
“တကယ့်လူမြင်ကွင်းမှာ သံဃာတော်တွေတောင် ပါဝင်တဲ့ အနေအထားမှာတောင်မှ အပြောင်းအလဲတွေ လုပ်လိုတယ်လို့၊ ဦးတည် လှုပ်ရှားနေပါတယ်လို့ ကတိပေးတဲ့ကြားက ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာတာဟာ ပြည်သူ အတွက်ရော၊ အစိုးရအတွက်ရော ကျနော်တို့နဲ့အတူ ငြိမ်းချမ်းရေးတည်ဆောင်နေသူတွေ အတွက် ပါ မေးခွန်းထုတ်စရာတွေ ဖြစ်လာတဲ့ အတွက်ကြောင့် ဒီကိစ္စဟာ အထူးသတိပြုဖို့ လိုတယ်။ ဒါမျိုး ထပ်မဖြစ် ဖို့ အောက်ခြေအထိ ထိန်းဖို့ လိုတယ်ဆိုတာ မီးမောင်းထိုးပြချင်တာပါ”ဟု ၄င်းက ပြော သည်။
KNU ၏ ကြေညာချက်ထဲတွင် မြန်မာအစိုးရ၏ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကြိုးပမ်းဆောင်ရွက်နေသည်ကို KNU မှ ထပ်လောင်း ကြိုဆိုကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူး စောလှငွေက “ထပ်လောင်း ကြိုဆိုတယ်ဆိုတာက မှန်ကန်တဲ့လုပ်ရပ်၊ တိုးတက်တဲ့လုပ်ရပ်၊ မွန်မြတ်တဲ့ လုပ်ရပ်တွေဟာ ပိုလုပ်သင့်တဲ့အလုပ် အစကနေအဆုံး အဆက်မပြတ် ရှေ့နောက်ညီညီ ဖြစ်စေချင်တာ ကို နိုးဆော်တဲ့ သဘောဖြစ်ပါတယ်”ဟု ဆက်လက် ပြောဆိုသည်။
ထိုကိစ္စများ ဖြစ်ပွားနေစဉ် နိုဝင်ဘာလ လကုန်းပိုင်းတွင် စတင်ကျင်းပသည့် ၁၅ကြိမ်မြောက် KNU ညီလာခံနှင့် တိုက်ဆိုင်လျက်ရှိရာ ယနေ့အခြေအနေမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းနေ စဉ်ကာလအတွင် ဤကဲ့သို့သော ဖြစ်ရပ်ဆိုးများကြောင့် ငြိမ်းချမ်းရေး ရှေ့အလားအလာအတွက် ဆိုးရိမ်စ ရာဖြစ်ကြောင်း KNU ညီလာခံ ကိုယ်စားလှယ်များက ဆွေးနွေး သဘောတူကာ ဆုံးဖြတ်ခဲ့ကြသည်။

http://www.kicnews.org/?p=14513

အမေရိကန်ရောက် ကရင်မိသားစု အချို့မှ KNU ခေါင်းဆောင် ၉ဦးကို ဂုဏ်ပြု

ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ် (ကေအိုင်စီ)
အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသည့် ကရင်အမျိုး သား အစည်းအရုံး (KNU) ရဲဘော်ဟောင်း မိသားစု အချို့က လက်ရှိ တော်လှန်ရေးတွင် တာဝန် ထမ်းဆောင်နေ ဆဲဖြစ်သည့် ခေါင်းဆောင်ကြီး ၉ဦး ကို ဂုဏ်ပြုသော အခမ်းအနားတခု နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည်တွင် လက်ရှိ KNU ကွန်ကရက် ခမ်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ထိုဂုဏ်ပြုပွဲကို အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် နော်ဂျူးရီမှ တာဝန်ယူ လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး လှူဒါန်းပစ္စည်းများ ပေးအပ်ခဲ့သည်။
နော်ဂျူးရီက “အသက်တွေ ကြီးပြင်းလာတဲ့ ကျမတို့ တော်လှန်ရေး ခေါင်းဆောင်တွေကို ဂုဏ်ပြုပေးဖို့ အမေရိကန်ရောက် KNU ရဲဘော်ဟောင်းတွေက တောင်းဆိုလာတဲ့အပေါ် ကျမအနေနဲ့ အားတက် သရော ဖြည့်စွမ်း လုပ်ဆောင်ပေးရတာ ဖြစ်တယ်”ဟု နော်ဂျူးရီက ပြောသည်။
ထိုသို့ ဂုဏ်ပြုခံရသည့် ခေါင်းဆောင်များမှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော၊ ပဒိုစောဒေးဗစ်သာကပေါ်၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်ချုပ် ဖလယ့်ခို၊ ပဒိုပဒိုမန်း၊ ဗိုလ်မှူးချုပ်ကျော်လင်း၊ ပဒိုစောသမိန်ထွန်း၊ ဗိုလ်မှူး မန်းသာစိန်နှင့် ဗိုလ်မှူးချုပ် ဆာမိစေးဖိုး တို့ဖြစ်သည်။

http://www.kicnews.org/?p=14497

December 3, 2012

ဝ နှင့် မိုင်းလားနယ်မြေသို့ ဦးအောင်မင်းရောက်ရှိလည်ပတ်

မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့ အထူးဒေသ ၂ ဌာနချုပ် ပန်ဆန်း နှင့် အထူးဒေသ ၄ မိုင်းလားမြို့သို့  လည်ပတ်ရန် ယနေ့နေ့ခင်းပိုင်း၌ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက် ကပြောပါသည်။
U Aung Minn
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း

“ ရယတ်ယာဉ် ၂ စီးလာတယ်။ ဝေဟင်က အင်အားနဲ့ မြေပြင်ကလာတဲ့အင်အား စုစုပေါင်း ၅၀ လောက်ရှိမယ်။ မိုင်းလားကို မွန်းတည့်မှာ ရောက်တယ်။ ၃ နာရီမှာ ဆီလူးကိုသွားတယ်။ ဒီည ကျိုင်းတုံကို သွားအိပ်မယ်။ နက်ဖြန် ဝ ပြည်နယ်ကို သွားမယ်” ဟု မိုင်းလားတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဆိုပါသည်။

ဦးအောင်မင်းနှင့်အတူ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ တတိယ ဥက္ကဌ ဦးသိန်းဇော်၊ ပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ၊ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဦးအောင်သူ အပြင် လားရှိုးအခြေစိုက် ရမခ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး တို့ ဟက်စကီးဖြင့် ရောက်ရှိကြောင်း၊ ကားဖြင့်လည်း လုံခြုံရေးအင်အား ၃၀ ကျော် ရောက်ရှိကြောင်း စုစုပေါင်းအင်အား ၅၀ ကျော် ရှိကြောင်း ၎င်းကပြောသည်။

“ မွန်းတည့်မှာ မိုင်းလားကိုရောက်လာကြတယ်။ ၁ နာရီခွဲအထိ စကားပြောတယ်။ ပြီးရင်နေ့လည်စာစားကြတယ်။ နေ့ခင်း ၂ နာရီခွဲ မိုင်းလားမြို့မှာလည်ကြပတ်ကြတယ်။ ၃ နာရီမှ တပ်မဟာ ၃၆၉ ဆီလူးကိုသွားကြတယ်။ ဒီည ကျိုင်းတုံကိုပြန်သွား အိပ်မယ်။ နက်ဖြန်မှ ဝ ပြည်ကိုသွားမယ်” ဟု မိုင်းလားအရာရှိများနှင့်နီးစပ်သည့် အခြားပုဂ္ဂိုလ်တဦးကလည်းပြောသည်။

မိုင်းလားတပ်ဖွဲ့ဘက်က ဥက္ကဌကြီး ဦးစိုင်းလင်းမှအစ အကြီးအကဲများအားလုံး ပါဝင် တွေ့ဆုံခဲ့ကြကြောင်း၊ မိုင်းလားမြို့ ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေး တင်ပြချက်မှလွဲ၍ တခြားသောတောင်းဆိုမှု မရှိခဲ့ကြောင်း ဆိုပါသည်။

တွေ့ဆုံစကားပြောကြရာ၌ ဦးအောင်မင်းက မိုင်းလားခရီးစဉ်မှာ မိမိ၏ ပထမဆုံးသောခရီးစဉ်ဖြစ်ပြီး ရင်းနှီးမှုတည်ဆောက် ရေးအတွက် ခရီးစဉ်ဖြစ်ကြောင်း၊   သဘောတူညီမှုများကို လက်တွေ့အကောင်အထည်ဖော်ဖို့ သာပြောသွားကြောင်း တရုတ်နယ်စပ်မှ ပုဂ္ဂိုလ်က ဆက်ပြောသည်။

သိန်းဇော်ကမူ - ဆွေးနွေးကြစဉ်က တင်ပြသော မိုင်းလား၏ တောင်းဆိုချက်များကို ဖြစ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ် ဖြစ်ကြောင်း၊  မိုင်းလားမှ တင်ပြထားသော သစ်လုပ်ခွင့် တန်ချိန် ၁ သောင်းအတွက် လောလောဆယ် တန်ချိန်  ၁ ထောင် လုပ်ရန် ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင်  သတ္တုတွင်း၊  လျှပ်စစ်မီးထုတ်လုပ်ရေးစီမံကိန်းစသည် တို့ကိုလည်း လုပ်ခွင့်ပေးကြောင်း ပြောဆိုသည်။

စစ်ရေးနှင့်ပတ်သက်၍ မိုင်းလားတပ်ဖွဲ့အား ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းလုပ်သွားရန် ဦးသိန်းဇော်က တိုက်တွန်းခဲ့သည်ဟု ဆို၏။ လာမည့် လွှတ်တော်အစည်းအဝေး သို့လည်း မိုင်းလားဘက်မှ ကိုယ်စားလှယ်များအား လေ့လာ နိုင်ရန် ပို့ပေးစေ လိုကြောင်း ပြောဆိုခဲ့သည်ဟုဆို၏ ။

“ ငွေက ကျပ်သိန်း ၆၀၀ ကျော် ပေးသွားတယ်။ ကျပ်သိန်း ၄၀၀ က လစာငွေ ၂ လစာ ပေါ့။  တလ ၂၀၀ သိန်းပေးမယ်လို့ ဆွေးနွေးပွဲမှာသဘောတူထားတာကိုး။ ကျန်တဲ့သိန်း ၂၀၀ က ဆန်ဖိုး  ၂ လစာ ။ မြန်မာအစိုးရက ပေးသွားပါတယ်” ဟု ဆိုပါသည်။  

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဦးအောင်မင်းသည်  ၀ တပ်ဖွဲ့ဒေသဖွံ့ဖြိုးရေး (ပန်ဆန်း -မန်းဆိုင်လမ်း တည်ဆောက်ရန်) လုပ်ငန်းအတွက် ကျပ်ငွေ သန်း ၄၀၀ ထောက်ပံ့ပေးရန်ရှိကြောင်း နီးစပ်သူတဦးက ပြောပြပါသည်။

“ ပန်ဆန်းကသက်ဆိုင်ရာအရာရှိတွေရဲ့ အဆိုအရတော့ တစ်ကီလိုမီတာကို တရုတ်ငွေ ၂ သန်း  (မြန်မာငွေ ကျပ် သန်း ၂၇၀ ) ကုန်ကျတယ်လို့သိရပါတယ်” ဟု ၎င်းကဆိုပါသည်။

ဦးအောင်မင်းနှင့်အဖွဲ့သည် နက်ဖြန်မနက်ပိုင်း ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် အထူးဒေသ ၂ ၏ မြို့တော် ပန်ဆန်းသို့ သွားရောက်လည်ပတ်ဦးမည်ဖြစ်ကြောင်းသိရသည်။

ဝ တပ်ဖွဲ့သည် ယမန်နှစ်အတွင်း စက်တင်ဘာလ ၆ ရက် တွင် ပဏာမအပစ်ရပ်ရေးဆင့်၊  အောက် တိုဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုမှ မခွဲထွက်ရေးအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးအစရှိပါ သည့် ပြည်ထောင်စုအဆင့် ပထမ အကြိမ် မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့ကြ၏။ ဒီဇင်ဘာလ ၂၆ ရက် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာမူ လွှတ်တော် ၃ ရပ်၌ ဝ ကိုယ်စားပြုလွှတ်တော်အမတ် ထားရှိရေး စသဖြင့် ဆွေးနွေးထားခဲ့ဖူးပါသည်။ မိုင်းလားတပ်ဖွဲ့မှာမူ ယမန်နှစ် စက်တင်ဘာလ ၇  ရက် တွင် ပဏာမအဆင့်၊ အောက်တိုဘာလ ၉ ရက်တွင် ပြည်ထောင်စုအဆင့် ပထမအကြိမ် နှင့် ဒီဇင်ဘာလ ၂၇ ရက်တွင် ဒုတိယအကြိမ် မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3699-2012-12-03-10-48-48.html

SSPP/SSA နှင့် အစိုးရတပ် ပြီးခဲ့သည့်လအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်

သျှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားရာ ဒေသဘက်တို့ အစိုးရတပ် မကြာခဏ ဦးတည်လာသော ကြောင့် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားခဲ့ရကြောင်း သျှမ်းပြည်တပ်မတော် ကပြောပါ သည်။
sspp in the forest
သျှမ်းပြည်တပ်မတော် SSPP/SSA

“ကျနော်တို့အပစ်ရပ်တာ ၁ နှစ် နီးပါးရှိပြီ။ ဒါပေမယ့် မန္တလေး - လားရှိုး ကားလမ်းအနောက်ဘက်ခြမ်းက ကနေ့အထိ အပစ်မရပ်ဘူးဆိုတဲ့အတိုင်းဘဲ။ အစိုးရတပ်က အင်အား ၂၀၀-၃၀၀ နဲ့ ကျနော်တို့ဆီ တမင်သက်သက်ကို  ဦးတည် လာတယ်။  အဲဒါကြောင့် တိုက်ပွဲဖြစ်ရတယ်။ အခု နိုဝင်ဘာ အတွင်းမှာဘဲ တိုက်ပွဲက ၁၀ ကျော်တယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောပါသည်။

နိုဝင်ဘာ ၁၈ ရက်နေ့က ကျောက်မဲမြို့နယ် တော့ဆန်ဘက်၌လည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက် မိုင်းလုံ နှင့် ကျောက်မဲမြို့ ကြား အစိုးရတပ် စကခ ၁ လက်အောက်ခံ ပူးပေါင်းတပ်ရင်း အင်အား ၃၀၀ ခန့်က သျှမ်းပြည်တပ်မတော် SSPP/SSA ရှိရာတောင်ကုန်းတခုသို့လည်းကောင်း ၊နိုဝင်ဘာ ၂၈ ရက် ကျောက်မဲမြို့နယ် ခေးနင်းမ်းကျေးရွာ တောတွင်းတနေရာ၌ လည်းကောင်း တက်တိုက်ခဲ့သည်ဟု ဆိုပါသည်။

“ကျနော်တို့က သွားတိုက်တဲ့သူမဟုတ်ဘူး။ ကျနော်တို့ နေရာကို သူတို့ကဘဲ လူထုကို ရိုက်နှက် စစ်ဆေးမေးမြန်းပြီး  လာလာတိုက်တယ်။ အများအားဖြင့် ကျနော်တို့က အားသာတဲ့နေရာမှာရှိတယ် ဆိုတော့ သူတို့ဘက်က   အထိနာတာပေါ့ဗျာ” - ဟု ဗိုလ်မှူးစိုင်းလ က ပြောပါသည်။

ရှေ့တန်းရောက်တပ်မှူးတဦးကလည်း အစိုးရတပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် အစိုးရတပ်က ၆၀ မမ၊ ၈၀ ၊ ၈၁ မမ စသည့်လက်နက်ကြီးများ အသုံးများသော်လည်း မိမိတို့ဘက်မှ အတည်တကျတပ်စခန်း မချထား ပါက စိုးရိမ်မှုမရှိကြောင်း၊ မန္တလေး- လားရှိုးကားလမ်းမြောက်ဘက်ခြမ်းတွင် လည်း သျှမ်းပြည်တပ်မတော်၏ တပ်မဟာ သုံးခုက တိုက်ခိုက်ရေး အင်အား ထောင်ကျော်ရှိသော အစိုးရ  စစ်ကြောင်း နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ရကြောင်း ပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရ နှင့် ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ ငြိမ်းချမ်းရေး သဘောတူညီမှုရရှိပြီးနောက်ပိုင်း တိုက်ပွဲ အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက် ရန်ရှာတိုက်ခိုက် ခြင်းသာဖြစ်ကြောင်း SSPP/SSA ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3698-ssppssa------.html

CNF ငြိမ်းကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရန်ကုန်သို့ ထွက်ခွါ


ယခုလ ဒီဇင်ဘာ ရ-၈ ရက်အတွင်း ပြည်ထောင်စု အစိုးရနှင့် ဒုတိယအကြိမ်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဒီဇင်ဘာလ ၀၃ ရက်နေ့က ဗဟို ဌာနချုပ် မှ စတင်ထွက်ခွါသွားကြပြီဟု သတင်း ရရှိ သည်။
CNF အထွေထွေအတွင်းရေးမှူးချုပ် Pu Zing Cung ဦးဆောင်သည့် ၂၀ ဦးပါ ကိုယ်စားလှယ်များ သည် အမှတ် (၂) အိန္ဒိယ – မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် ကလေး- ရန်ကုန်လေကြောင်း ကို အသုံးပြုသွားကြမှာဖြစ်ကြောင်း သိရသည်။
CNF  ငြိမ်းချမ်းရေးကိုယ်စား လှယ်များမှာ Pu Zing Cung ( အဖွဲ့ခေါင်းဆောင်)၊ Pu Thomas ThangNou ( ဒုတိယ အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ ၀င်များအဖြစ် Pu Paul Sitha, Dr. Suikhar (ပြောရေးဆိုခွင့်ရှိသူ), Salai Kipp Kho Lian, Dr. Lian Hmung Sakhong, Pu H.C Ral Hnin, Pu Thang Yen, Pu Zo Tum Hmung, Pu Thang Ning Kee, Pu Bernard L. Chhangte, Colonel Solomon, Salai Thla Hei, Pu Hau kang, Pu Thawng Za Lian, Pu Ngai Ja Thang, Colonel Than Tun, Major Sang Lian Thang, Major Kha Pawng တို့ပါ၀င်ကြ မည်ဖြစ်ပြီး မီဒီယာ မှတ်တမ်း တာဝန်ခံအဖြစ် Pu Thet Ni တို့ပါ၀င်ကြမှာဖြစ်သည်ဟု သိရသည်။
“ အခု ဆွေးနွေးပွဲမှာ ချင်းအမျိုးသားရေးဆိုင်ရာ၊ စစ်ဖက်ဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေး ဆိုင်ရာတွေကို အဓိက ဆွေးနွေးသွား မှာဖြစ်တယ်၊ ပြီးတော့ ပထမ အကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးသဘော တူညီချက်မှာ  ဆက်လက်ဆွေးနွေးစရာ တွေလည်း ရှိပါတယ်” ဟု CNF ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ ရွှေခါးရ် က ပြော သည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေဆာင်ရေးလုပ်ငန်းကော်မီတီ ဒုတိယ ဥက္ကဌ – ၂ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက ဦးဆောင်သွားမှာဖြစ်ပြီး အဖွဲ့ဝင် ရ ဦးပါ၀င်ကြ မှာဖြစ်သည်ဟု သိရသည်။
နှစ်ဖက် ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် Kristine Gould (PACRIM Research Associates, USA) ၊ Mr. Yohei Sasakawa (Chairman, Nippon Foundation, Japan)၊ Mr. Yiji Mori (Nippon Foundation, Japan) ၊ Ms. Suzuka Yoshida (Nippon Foundation, Japan) Charles Petrie (Myanmar Peace Support Initiative –MPSI ) တို့အပြင် Mai Chin Chin (Shalom Foundation, Yangon) ၊ Salai Bawi Lian Mang (Director, CHRO) တို့လည်း
ပါ၀င်တက်ရောက်ကြမှာဖြစ်သည်။
နှစ်ဖက် ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အမှတ် ၁၁၊ ရွှေလီလမ်းရှိ Myanmar Peace Center Hall တွင် တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ကြောင်း CNF အဖွဲ့သည် ဆွေးနွေးပွဲအပြီး ကလေး ကဘော် ၊ ရန်ကုန် နှင့် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်ရှိ နိုင်ငံရေး ပါတီများ၊ ချင်းပြည်သူများ၊  တက္ကသိုလ်ကျောင်းသားများ နှင့် ဆက်လက် တွေ့ဆုံကြလိမ့် မည်ဖြစ် ပြီး ခရီးစဉ်တလျှောက် ဒေသခံပြည်သူတွေက ကြိုဆိုကြမည်ဟုလည်း သိရသည်။
ချင်းအမျိုးသားတပ်ဦးအနေဖြင့် မြန်မာနိုင်ငံအတွင်း ထာဝရတည်တ့ံခိုင်မြဲသည့် ငြိမ်းချမ်းရေး လမ်းစဉ်အပေါ် လျှောက်လှမ်း ရာတွင် ၂၀၁၂ ခုနှစ် တိုင်းရင်းသားညီလာခံမှ ချမှတ်ထားသည့် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆)ချက် မှ သွေဖယ်သွား မည် မဟုတ်ကြောင်း နှင့် ချင်းအမျိုးသားတပ်ဦး၏ ချင်းအမျိုးသားများအတွက် ရည်မှန်းထားသည့် အမျိုးသားနိုင်ငံရေး ပန်းတိုင်ကို လက်ကိုင်ပြုသွားမည်ဖြစ်ကြောင်း ၄င်းတို့၏ သတင်းထုတ် ပြန်ချက် ထဲ တွင်ဖော်ပြထားသည်။

http://khonumthungburmese.org/?p=944

December 2, 2012

ငြိမ်းချမ်းရေးနှင့် သဘာဝသယံဇာတ ဘယ်လိုဆက်စပ်နေလဲ


လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးက ရင်သပ် ရှုမောဖွယ်ရာ ကောင်းလှပါတယ်။ မြန်မာ့နိုင်ငံရေးရဲ့ အဓိက အခန်းကဏ္ဍမှာပါ၀င်နေတဲ့ တိုင်းရင်းတို့ရဲ့အရေး ကိစ္စကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ စတင်နေသလို၊ ပါလီမန် အတွင်းမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်းပါ၀င်တဲ့စနစ်နဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ကိုစမ်းသပ်နေပါတယ်။ နှစ်ပေါင်းငါးဆယ်ကျော်ကြာ ဖိနှိပ်ထားခြင်းခံရတဲ့ ပြည်သူတွေကလည်း လွတ်လပ်ပွင့်လင်းလာတဲ့ အခိုက်မှာ လယ်ယာမြေကိစ္စ၊ ပြည်သူတွေပိုင်တဲ့ သဘာဝသယံဇာတတွေကို ပွင့်လင်းမြင်သာမှု မရှိဘဲ နိုင်ငံတကာ ကုမ္ပဏီတွေကို ရောင်းချခဲ့မှုတွေကို လူထုကန့်ကွက်ပွဲတွေနဲ့ ဆင်နွဲနေပါတယ်။
မြန်မာ့နိုင်ငံရေးရဲ့ အဓိက အခန်းကဏ္ဍမှာ ပါ၀င်နေတဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းစစ်က လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြသနာ ဖြစ်နေပါတယ်။ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး အကောင်အထည်ဖေါ်ရေး ဒုအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းရဲ့ “ဖက်ဒရယ်ဆိုတဲ့ စကားလုံးက ကြောက်စရာမဟုတ်ဘူး” စကားတခွန်းက နှစ်ပေါင်း ခြောက်ဆယ်ကျော် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုက်ပွဲဝင်လာတဲ့ တိုင်းရင်းသား လက်နက်ကို်င်တွေကို တအံ့တသြ ဖြစ်စေခဲ့ပါတယ်။
နိုင်ငံရေးအရ တန်းတူမှုနှင့်အတူ သဘာဝသယံဇာတ ခွဲဝေခံစားတဲ့အခါမှာလည်း တိုင်းရင်းသားတို့အဖို့ နှစ်ပေါင်း ငါးဆယ်ကျော် ပစ်ပယ်ထားခြင်း ခံခဲ့ရပါတယ်။ တိုင်းရင်းသားဒေသတွေက ထွက်ရှိလာတဲ့ သဘာဝသယံဇာတတွေကို တိုင်းရင်းသားတွေ တစိုးတစိမျှ ခံစားပိုင်ခွင့် မရှိခြင်းကလည်း အဓိက မကျေနပ်တဲ့ အချက်တွေထဲမှာ ပါ၀င်ပါတယ်။ ပညာရှင်တွေကတော့ သဘာဝ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတွေမှာ ဖြစ်တဲ့ပဋိပက္ခတွေကို သဘာဝသယံဇာတ ကျိန်စာ ( Resources Curse) အဖြစ်သုံးနှုံးကြပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကလည်း သံယံဇာတကျိန်စာသင့်နေတဲ့ လက္ခဏာနှင့် တထေရာတည်း တူညီနေပါတယ်။ ဘဏ္ဍဝင်ငွေအမြောက်အမြားကို ရှာဖွေ ပေးနိုင်တဲ့ သဘာဝ သံယံဇာတများ ကြွယ်ဝပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြင်းထန်စွာ ဝေဖန်ခံနေရသောနိုင်ငံ ၊ခြစားမှုများကြောင့် ထော့ကျိုး ဖြစ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အုပ်ချုပ်သူအစိုးရနှင့် တိုင်းရင်းသား များကြားဖြစ်ပွားနေတဲ့ နှစ် ၆၀ ကြာပြည်တွင်းစစ်ကြောင့် ဆိုးကျိုးများ ခံစားနေရတဲ့ နိုင်ငံဖြစ်ပါတယ်။
သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲရာမှာ ထွက်ရှိတဲ့ ဒေသခံလူမျိုးတွေ အပေါ်လျစ်လျူရှုထားခြင်းနှင့် သဘောထားကြီးစွာ ခွဲဝေသုံးစွဲခြင်းက နိုင်ငံအတွက် ဘယ်အထိ အကျိုးရှိတယ်ဆိုတာကို နိုင်ငံကို စီမံခန့်ခွဲနေတဲ့ နိုင်ငံခေါင်းဆောင်တွေ သိထားအပ်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံလို သဘာဝ သယံဇာတ ကြွယ်ဝပြီး လူမျိုးမတူတဲ့ ဆူဒန်နိုင်ငံဟာ မကြေနပ်ချက်တွေကို မထိမ်းနိုင်တဲ့ အချိန်မှာ တောင်နှင့် မြောက် ဆူဒန်နိုင်ငံ အဖြစ်ပေါ်ထွက်လာတဲ့ ဖြစ်စဉ်နဲ့ ကိုယ်ပို်င်ပြဌာန်းခွင့်အတွက် နှစ်ပေါင်း (၅၀) ပြည်တွင်းစစ်ဖြစ်ပြီးမှ သဘာဝသယံဇာခွဲဝေသုံးစွဲခွင့်နဲ့ ပြည်တွင်းစစ်ကို ငြိမ်းအေးစေခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံထဲက အာချေး ဒေသပြသနာ ဖြေရှင်းပုံတွေဟာ ခေတ်တစ်ခုရဲ့ လမ်းပေါ်ကို တက်စပြုနေတဲ့ မြန်မာတွေ လေ့လာသင့်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
တောင်ပိုင်းဆူဒန်
ဆူဒန်နိုင်ငံရဲ့ ရ၅ ရာခိုင်နှုန်းသော ရေနံသိုက်ဟာ တောင်ပိုင်း ဆူဒန်မှာတည်ရှိပေမယ့် ရေနံလုပ်ငန်းနှင့် ပတ်သတ်တဲ့ စက်မှုလုပ်ငန်းတွေက မြောက်ပိုင်း ဆူဒန်မှာ တည်ရှိနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှု ကွာဟချက်က ဆယ်စုနှစ် နှစ်ခုကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးကို တောက်လောင် စေခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်အရ ပြည်တွင်းစစ် ကိုရပ်စဲနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး စာချုပ်နှင့်အတူ တောင်ပိုင်းဆူဒန်ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဗဟိုအစိုးရနှင့် အာဏာခွဲဝေ သုံးစွဲခွင့်ရရှိခဲ့ပြီး ရေနံလုပ်ငန်းကရရှိတဲ့အကျိုးအမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ခံစားပိုင်ခွင့် ရရှိခဲ့ပြန်တယ်။
ဒေသခံတွေ အနေနဲ့ သဘာဝ သယံဇာတရဲ့ အကျိုးအမြတ်ကို မျှတစွာ ခံစားပိုင်ခွင့် မရရှိခြင်းဟာ သွေးထွက်သံယို ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ တောင်ပိုင်း ဆူဒန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ ဥပမာ တစ်ရပ် ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ခွဲဝေသုံးစွဲရာမှာ မျှတမှုမရှိ တာကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုနဲ့ အတူ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခြင်းနှင့် အကျိုးရလဒ် အဖြစ် တောင်ပိုင်း ဆူဒန်ဟာ ၂၀၁၁ ဇူလိုင် ၉ ရက်နေ့မှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။
သဘာဝသယံဇာတမှ ရရှိတဲ့ အကျိုးအမြတ်တွေကို မျှတစွာခွဲဝေ ခံစားပိုင်ခွင့်ရရှိခြင်းဟာ ပြဿနာ တွေကို လျော့ကျစေနိုင်သလို ပဋိပက္ခတွေကို ကာကွယ်မှုတွေပေးနိုင်ပါတယ်။
အာချေး
အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ ရေနံနှင့်သဝဘာဓါတ်ငွေ့ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး အာချေးဒေသကလည်း ရေနံနှင့်သဘာဝဓါတ်ငွေ့သိုက်ကြွယ်ဝတဲ့ပြည်နယ်ဖြစ်ပါတယ်။
ဒတ်ချ်ကိုလိုနီလက်အောက်သို့ ကျရောက်စဉ်တုန်းက အာချေးဒေသဟာ လွတ်လပ်တဲ့ ဆူလတန် ဘုရင်တွေ အုပ်ချုပ်ရာ နယ်မြေ ဖြစ်ပါတယ်။ အာချေးဒေသဟာ လွတ်လပ်တဲ့ ပြည်နယ်ဖြစ်ပြီး လွတ်လပ်ရေးအတွက် ဒတ်ချ်ကိုလိုနီအစိုးရကို ရာစုနှစ်ချီတိုက်ပွဲဝင်ခဲ့ပါတယ်။ ၁၉၄၉ မှာ ဒတ်ချ် ကိုလိနီလက်အောက်က အင်ဒိုနီးရှား လွတ်လာတဲ့အခါမှာအင်ဒိုနီရှားသမ္မတနိုင်ငံရဲ့ အောက်မှာ အထူး အုပ်ချုပ်ရေး ဒေသဖြစ်လာခဲ့ပါတယ်။ အာချေးပြည်သူတွေ မှာလည်း လုံဝလွတ်လပ်ရေး တောင်းဆိုမှုနှင့်အတူ ခွဲထွက်ရေး လက်နက်ကိုင် လှုပ်ရှားမှုက နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ချုပ်ဆိုတဲ့ အင်ဒိုနီးရှားအစိုးရနှင့် Gerakan Aceh Merdeka (GAM)အာချေးလွတ်မြောက်ရေး အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး စာချုပ်ဟာအာချေးတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ခွင့်ပြုခဲ့ပြီး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရရှိတဲ့အခွန်ဘဏ္ဍာရဲ့ ရ၀ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ် ။ ( အာဏာရှင် ဆူဟာတို လက်အောက်မှာ အကျိုးအမြတ်ရဲ့ ၅ ရာခိုင်နှုန်းကို သာခွင့်ပြုခဲ့တယ်။) Gerakan Aceh Merdeka (GAM) အဓိက တောင်းဆိုမှုဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုနိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။
ဒီနိုင်ငံ နှစ်ခုကို လေ့လာကြည့်စဉ် သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲတဲ့အခါ ပိုင်ဆိုင်ခွင့်ရှိတဲ့ လူမျိုးစုတွေ အပေါ်အနိုင်ကျင့်ဗိုလ်ကျခြင်းက နိုင်ငံကိုပြိုကွဲစေတဲ့ဘက်ကို ဦးတည်စေသလို အင်ဒိုနီးရှားက ဥပမာက မြန်မာခေါင်းဆောင်တွေ နှစ်သက်လက်ခံနိုင်မယ့် အချက်ဖြစ်နိုင်ပါတယ်။ သဘာဝသယံဇာတကနေ ရရှိလာတဲ့ အကျိုးအမြတ်ကို ခွဲဝေပေးလိုက်ရုံနဲ့ နှစ်ပေါင်း (၅၀) ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်စေနိုင်ခဲ့သလို အင်အားရှိပြီး စည်းလုံးတဲ့ ခေတ်သစ်စီးပွားရေးအရ သြဇာရှိတဲ့ နိုင်ငံအဖြစ်ကို ထွက်ပေါ်လာစေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်ဟာ သယံဇာတမှ ရရှိတဲ့အကျိုးအမြတ်တွေကို တိုင်းရင်းသားတို့ အနေနဲ့ ခွဲဝေခံစားပိုင်ခွင့် မရှိခြင်းက အဓိကအချက်မှ ပါ၀င်နေပါတယ်။ သဘာဝ အရင်းအမြစ် ထုတ်ယူတဲ့ ဒေသနှင့် ဒေသခံလူထုကို သူတို့ပိုင်သဘာအရင်းအမြစ် ထုတ်ယူသုံးစွဲခြင်းနှင့် ထုတ်လုပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ၀န်ထုတ်ဝန်ပိုးအတွက် မျှတတဲ့ လျော်ကြေး ပြန်လည် ပေးအပ်ခြင်းနှင့် အကျိုးအမြတ်ကို ၄င်းဒေသတိုးတက်ရေး အတွက် ပြန်လည် အသုံးပြုရန်လိုအပ်ပါတယ်။ ဒီလိုသာ မျှတတဲ့ ခံစားပိုင်ခွင့်တွေ ရှိနေမယ်ဆိုရင် နှစ်ပေါင်း (၆၀) ကျော်ကြာ ဖြစ်ပေါ် နေတဲ့ ပြည်တွင်းစစ်ကို အရှိန်လျော့ပြီး အဆုံးသတ် နိုင်မှာ ဖြစ်သလို မြန်မာပြည်တလွားက ပြည်သူတွေရဲ့ မငြိမ်မသက်မှုတွေကိုလည်း နိဂုံးချုပ်နိုင်မယ်လို့ ထင်မြင်မိပါတယ်။

Written by လှရွှေ 

ရည်ညွန်း။
၁။ http://www.bbc.co.uk/news/world-africa-14069082
၂။ Peace Zones In Aceh A Prelude to De-militarisation, Pushpa Iyer, Research Paper 3, April 2003 at http://icar.gmu.edu/Aceh_PZs.pdf
၃။ http://www.businessweek.com/news/2011-12-01/myanmar-sees-west-easing-sanctions-soon-as-clinton-to-visit.html
၄။ .S. Policy Recommendations to Combat Natural Resource Conflict and Corruption.

http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2612-2012-12-02-08-16-16

December 1, 2012

မြန်မာအစိုးရတပ်မှ ဒုက္ခသည်စခန်း မီးရှို့ဖျက်ဆီး

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဖိုင်ကောင်းကျေးရွာ မန်ဂျေဒုက္ခသည်စခန်းသို့ နိုဝင်ဘာလ (၂၈) ရက်နေ့ တွင် ခလရ (၂၄၀)စစ် ကြောင်းဝင်ရောက်ကာ ဒုက္ခသည်များမှီခိုနေသော တဲ (၁၉) လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
ဒုက္ခသည်စခန်းတွင် ယာယီအသုံးပြု ခရစ်ယာန်ဘုရားရှိခိုးကျောင်းဆောင် ဆောက်လုပ်နေသော တရုတ်နိုင်ငံသား လက်သမားဆရာ (၃)ဦးအပါအဝင်၊ ခရစ်ယာန်ဓမ္မဆရာ(၂)ဦးနှင့် ဒုက္ခသည်အမျိုးသား (၄) ဦးကိုလည်း ပန်းဆိုင်း (Pang Sai) ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းပင် ဖိုင်ကောင်းကျေးရွာ (Hpai Kawng) နေ ဦးဇိန်ထုံးဆိုင်းအောင် (Salang Zinghtung Seng Awng) ကိုလည်း ရိုက် နှက်နှိပ်စက်ခဲ့သေးသည်။

http://moemaka.com/?p=29668
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India